Connect with us

Politics, Law & Military

ပခုက္ကူခရိုင်တွင်း ယာဉ်တိုက်မှုကြောင့် လူ၈ ဦး သေ၊ ၂၁ ဦး ဒဏ်ရာရရှိ

မြိုင်မြို့နယ်တွင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော လိုက်ထရပ်ယာဉ်အားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၄၁၆/၇)နှင့်(၄၁၇/ဝ)ကြား၌ ဧပြီ ၇ ရက် နံနက်အစောပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ၈ ဦး သေ၊ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မုံရွာဘက်မှ မြိုင်မြို့ဘက်သို့ မောင်းနှင်လာသော Nissan ဆီဘောက်ဆာယာဉ်သည် မုံရွာဘက်သို့ပြန်လှည့်ရာ လမ်းအလယ်၌ ကားကန့်လန့်ဖြစ်နေစဉ် မြိုင်မြို့ဘက်မှ မုံရွာဘက်သို့ မောင်းနှင်လာသော လိုက်ထရပ်ယာဉ်သည် မော်တော်ယာဉ် ၁ စီးအား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ဆီဘောက်ဆာယာဉ်အား တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်မှ လူ ၈ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၁ဦးတွင် လူ၁၃ ဦး နားထင်ပွန်း၊ ရင်ဘတ်အောင့်၊ ဝဲပေါင်ကျိုး၊ နှာခေါင်း သွေးထွက်ဒဏ်ရာများ(စိုးရိမ်ရ)နှင့် ကျန် ၈ ဦးသည် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မြိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းများဖြစ်သော ချစ်မွှေးနှင့် ကျော်မြင့်တို့ ၂ ဦးအား လင်းကတောနယ်မြေရဲစခန်း ယာဉ်(ပ)၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.