Connect with us

Politics, Law & Military

ပြည်သူပိုင် လမ်းများပေါ်တွင် ဂိုဒေါင်သဖွယ် အသုံးပြုလျှက်ရှိသော မော်တော်ယာဉ်များအား ထိရောက်သည့် အစီအမံများနှင့် လုပ်ဆောင်သွားမည်

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် အများပြည်သူပိုင် ဈေးလမ်းများပေါ်တွင် ဂိုဒေါင်သဖွယ် အသုံးပြုလျှက်ရှိသော မော်တော်ယာဉ်များအား ထိရောက်သည့် အစီအမံများနှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေး(၁၃) ရက်မြောက်နေ့ကို မတ် ၁၄ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ရာ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ “ဈေးများပတ်ဝန်းကျင်မှာရှိသည့် အများပြည်သူပိုင် လမ်းများတွင် နေ့ရောညပါ ရပ်နားထားပြီး ဂိုဒေါင်သဖွယ် အသုံးပြုလျှက်ရှိသော မော်တော်ယာဉ်များကို မည်ကဲ့သို့ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ ကို သိရှိလိုကြောင်း ’’မေးခွန်းနှင့် စပ်လျဉ်း၍ မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အနောက်ပိုင်းခရိုင် ဈေးများဌာနကလည်း ဈေးဆိုင်ခန်းပိုင်ရှင်တွေကို မြို့နယ်အတွင်း ဈေးတွေမှာ အခုလိုမော်တော်ယာဉ် အသုံးပြုပြီး ကြာကြာမရပ်နားစေဖို့လည်း ညွှန်ကြားချက်တွေ ထုတ်ပြန်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးပတ်ဝန်းကျင်က အများပြည်သူပိုင် လမ်းမပေါ်မှာ အချိန်ကြာကြာ ယာဉ်ရပ်နားထားပြီး ဂိုဒေါင်သဖွယ် အသုံးပြုလျှက်ရှိသော မော်တော်ယာဉ်များရဲ့ ပိုင်ရှင်များထံမှ ခံဝန်ကတိများ ရယူပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန ဝန်ထမ်း(၂) ဦးကိုလည်း နေ့စဉ် စည်းကမ်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီးလည်း ဖြစ်ပါတယ်။ မော်တော်ယာဉ်ပိုင်ရှင်တွေကလည်း လိုက်နာဆောင်ရွက်ဖို့လည်း စည်းရုံးပြောကြား လိုပါတယ်။ သို့သော်စည်းရုံးကာလ ကုန်ဆုံးတဲ့အချိန်မှာ ကျွန်တော်တို့ မြို့နယ်ကိုယ်စားလှယ်များနဲ့ တိုင်ပင်ပြီးတော့ ထိရောက်တဲ့ အစီအမံများနဲ့ ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ်ရှိပါကြောင်း ပြောကြားလိုပါတယ်။’’ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။

လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ဈေးများပတ်ဝန်းကျင်တွင် အစီအရီရပ်ထားသည့် ကားများကြောင့် ပြည်သူများ အခက်အခဲတွေ့နေရကြောင်း၊ လမ်းမကြီးပေါ်တွင် ကားကြီးများ နေ့ရော၊ညပါ ဂိုဒေါင်သဖွယ် ရပ်ထားသည့်အတွက် ဈေးလာဝယ်သည့် ကားများနှင့် အနီးအနားတွင် နေထိုင်သည့် ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့နေရပြီး နိုင်ငံတော်ဘက်ဂျက်နှင့် ပြည်သူများ၏ လုံခြုံရေးအတွက် တပ်ဆင်ထားသော စီစီတီဗွီကင်မရာများ၏ မြင်ကွင်းမှာ ကားကြီးများ နေ့ရော ညပါ ပါကင်ထိုးထားသည့်အတွက် မြင်ကွင်းများပါ ကွယ်နေသည့်အပြင် ညအချိန်တွင် ကားများကြားထဲတွင် မှောင်ရိပ်ကျနေသည့်အတွက် ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားနေသည်ကို တွေ့ရသည့်အတွက် ဘေးပတ်ကျင်းတွင်ရှိသည့် ပြည်သူများက စိုးရိမ်ထိတ်လန့်မှုများ ရှိနေသောကြောင့် အထက်ပါမေးခွန်းအား မေးမြန်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ လသာမြို့နယ်အတွင်းမှာ(က)အဆင့်ရှိတဲ့ ဈေးတွေဖြစ်တဲ့ သံဈေး၊ သိမ်ကြီးဈေး(ဃ)ရုံနဲ့ သိမ်ကြီးဈေး(င)ရုံ ဈေးသုံးဈေးရှိပြီးတော့ သိမ်ကြီးဈေး(ဃ)ရုံနဲ့ သိမ်ကြီးဈေး(င)ရုံသည် ဘေးပတ်ဝန်းကျင်မှာ နေ့ရောညပါ ရပ်နားထားပြီး ဂိုဒေါင်လို အသုံးပြုနေတဲ့ မော်တော်ယာဉ်တွေ မရှိဘဲနဲ့ သံဈေးမှာတော့ ဂိုဒေါင်သဖွယ် အသုံးပြုနေတဲ့ ယာဉ်တစ်ချို့ စစ်ဆေးမှုအရလည်း တွေ့ရှိရပါတယ်။ ဂိုဒေါင်လို အသုံးပြုနေတဲ့ မော်တော်ယာဉ်ပိုင်ရှင်များမှာ သံဈေးအတွင်းက ဈေးဆိုင်ခန်းတွေမှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဆိုင်ခန်းပိုင်ရှင်တွေ ဖြစ်ပြီးတော့ သံဈေးတာဝန်ခံမှ ထိုမော်တော်ယာဉ်ပိုင်ရှင်တွေကို ၁၇.၈.၂၀၁၇ ရက်နေ့မှာ သံဈေးတာဝန်ခံရုံးကို ဖိတ်ကြားပြီးတော့ သံဈေးရှေ့မှာရှိတဲ့ လမ်းမတော်ကားလမ်း ပါကင် ကုန်တင်ကုန်ချ နေရာမှာ အချိန်ကြာကြာ ဂိုဒေါင်လို ရပ်နားအသုံးမပြုဖို့နဲ့ ကုန်တင်ကုန်ချ အချိန်မှသာ ရပ်နားအသုံးပြုဖို့ ခံဝန်ကတိတွေ ရယူထားပါတယ်။ ၂၄.၁.၂၀၁၈ ရက်နေ့မှာ ဈေးများဌာနအနောက်ပိုင်းခရိုင်ရုံးကနေ ဦးဆောင်ပြီးတော့ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးရုံးအဖွဲ့က မော်တော်ယာဉ်ပိုင်ရှင်တွေကို အစည်းအဝေးဖိတ်ကြားပြီး မော်တော်ယာဉ်တွေကို အကြာကြီးရပ်နား အသုံးပြုတာတွေမှာ စည်ပင်သာယာဥပဒေနဲ့ မညီညွတ်ကြောင်း ပြောကြားခဲ့တာမျိုးလည်း ရှိပါတယ်။”ဟု မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

ဈေးများဌာန သံဈေးတာဝန်ခံအနေနှင့်လည်း ၂၅.၁.၂၀၁၈ ရက်ကစပြီးတော့ ကုန်တင်ကုန်ချ မော်တော်ယာဉ်များကို အချိန်ကြာကြာ ရပ်နားခြင်းမပြုလုပ်ရန်လည်း ဈေးဝန်ထမ်း(၂)ဦးကို တာဝန်ပေးကာ မှတ်တမ်းထားရှိပြီး စည်းကမ်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.