Connect with us

Politics, Law & Military

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် စိုးရိမ်စရာမဟုတ်သလို ရန်သူမဟုတ်ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြောကြား

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် စိုးရိမ်စရာမဟုတ်သလို ရန်သူမဟုတ်ကြောင်း မိတ်ဆွေသာဖြစ်ကြောင်း လက်တွေ့ကျကျ မရှိမဖြစ် အသိစိတ်ဓာတ်ရှိရှိနှင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည့်အလုပ် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့၊ နံနက်၉နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတကြီးက အထက်ပါအတိုင်း လမ်းညွှန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိအခြေအနေမှာ ပြုပြင်ပြောင်းလဲရေးကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့ များစွာလိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကို လုပ်တဲ့အခါမှာ တချို့စိုးရိမ်ကြတာ ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းက စိုးရိမ်စရာမဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် ရန်သူမဟုတ်ပါဘူး။ မိတ်ဆွေဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးအလုပ်သည် အတင်းအဓမ္မ ခိုင်းနေရမယ့် အလုပ်မဟုတ်ပါဘူး။ လက်တွေ့ကျကျ မရှိမဖြစ် အသိစိတ်ဓာတ်ရှိရှိနဲ့ အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမယ့်အလုပ် ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုကို တချို့ကခြိမ်းခြောက်မှု တစ်ခုအနေနဲ့ မြင်ကောင်းမြင်နိုင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုအလုပ်က ခြိမ်းခြောက်မှုမဟုတ်ပါဘူး။ အခွင့်အလမ်းတစ်ခု၊ အခွင့်အခါကောင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုအခွင့်အခါကောင်းတစ်ခုကို ကျွန်တော်တို့ ရတောင့်ရခဲအချိန်အခါမှာ ရာစုနှစ်ထက်ဝက်ကျော် ဒီလိုအချိန်ကောင်းအခါကောင်းကို ရှားရှားပါးပါး ရလာတဲ့အချိန်အခါကို လက်တွေ့ကျကျအသုံးမချနိုင်ဘူးဆိုရင် ကျွန်တော်တို့မှာ သမိုင်းပေးတာဝန် မကျေပွန်ရာကျပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

တာဝန်ရှိသည့်ပုဂ္ဂိုလ်များအနေဖြင့် သမိုင်းကအချိန်အခါအရ မိမိပုခုံးပေါ်ကို တင်ပေးလိုက်သည့် တာဝန်တစ်ခုကို ကိုယ့်လက်ထက်တွင် ကျေပွန်အောင်မထမ်းဆောင်နိုင်ဘူးဆိုပါက မိမိသည်သမိုင်းပေးတာဝန် မကျေပွန်ခြင်းဖြစ်ကြောင်း၊ တစ်နေ့တွင် သမိုင်းက အဆုံးအဖြတ်ပေးလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ပြုပြင်ပြောင်းလဲခြင်း အချိန်အခါကို အလေးအနက်ထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းအတွက် ပြည်နယ်နှင့်တိုင်းအတွင်းရှိ အစိုးရအဖွဲ့အသီးသီး၊ လွှတ်တော်ကိုယ်စားလှယ်အသီးသီး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီးဆွေးနွေးရခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ပြုပြင်ပြောင်းလဲရေးအနေအဖြစ် အကျဉ်းချုပ်ပြောမည်ဆိုပါက ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်ဟူသော မဏ္ဍိုင်ကြီးသုံးရပ် ရှိပြီး အုပ်ချုပ်ရေးမဏ္ဍိုင်အနေနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုစေချင်ကြောင်း၊ တရားဥပဒေနှင့်အညီ အုပ်ချုပ်စေချင်ကြောင်းကိုလည်း “ ကိုယ်ကတရား ဥပဒေမဲ့အုပ်ချုပ်ခံခဲ့တဲ့ အတွေ့အကြုံရှိတုန်းကတော့ ကိုယ်နည်းနည်းလေးမှ မခံနိုင်ဘဲနဲ့ ကိုယ်လုပ်ပိုင်ခွင့်ရှိလို့၊ ကိုယ်တာဝန်ရှိလို့ ဆောင်ရွက်တဲ့အခါမှာ အဲ့ဒီလိုပြန်လည် ပြုမူဆောင်ရွက်မယ်ဆိုရင် ကိုယ်လည်း မတရားမှုထဲမှာ ပါသွားမှာ ဖြစ်ပါတယ်။ ဒါကိုယ်ချင်းစာတရားပဲ ဖြစ်ပါတယ်။ ဒါကိုအလေးအနက် ထားစေချင်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်အနေနဲ့ ပြောရရင် တိုင်းအစိုးရတစ်ခုတည်းတင် မဟုတ်ပါဘူး။ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းအသီးသီးကို ကျွန်တော်ဆိုလိုခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်အနေနဲ့ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုစေလိုတယ်။ ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ ပြည်သူလူထုရဲ့ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုကို ကာကွယ်ပေးတဲ့ ယန္တရားဖြစ်စေချင်တယ်။ လူ့အခွင့်အရေးတွေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တဲ့ စီမံခန့်ခွဲမှု ဖြစ်စေချင်တယ်။ ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ်တဲ့ ယန္တရားမျိုး၊ စီမံခန့်ခွဲမှုမျိုးကို နည်းနည်းမှ မဖြစ်လိုပါဘူး။ ထို့အတူပဲ ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့ ဥပဒေတစ်ခုပြုမယ်ဆိုရင် ဒီဥပဒေသည် ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီရဲ့လား။ ကိုယ့်နိုင်ငံရဲ့အချိန်အခါနဲ့ ကိုက်ညီရဲ့လား။ နိုင်ငံသူ၊ နိုင်ငံသားတွေကို တကယ်အကျိုး ဖြစ်ထွန်းမှာလား။ လူ့အခွင့်အရေးစံနှုန်းစံထားနဲ့ ညီမှာလား။ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ညီမှာလား။ အလေးအနက်ထားပြီး ပြုစေလိုပါတယ်။ နောက်တစ်ခုက ပြည်နယ်၊တိုင်းရဲ့ ဥပဒေပြုရေးရဲ့ လုပ်ပိုင်ခွင့်၊ ပြည်ထောင်စုရဲ့ ဥပဒေပြုရဲ့လုပ်ပိုင်ခွင့် ကွဲကွဲပြားပြား သိစေလိုပါတယ်” ဟု သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

ဆက်လက်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်သုံးခုအား တစ်ခုနှင့်တစ်ခု ဝင်ရောက်မစွတ်ဖက်ရန်၊ Check and Balance ရှိရန်၊ အပြန်အလှန်ထိန်းကျောင်းမှု ရှိရန် မှာကြားခဲ့သည်။

“တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေး ဖြစ်စေချင်တယ်။ ဖြစ်အောင်လည်း ထိန်းကျောင်းတယ်။ ထိန်းကျောင်းတဲ့အခါမှာ ပြည်ထောင်စုအဆင့် တရားသူကြီးတွေက ပြည်နယ်၊တိုင်းတရားသူကြီးတွေကို သတ်သတ်မှတ်မှတ် တာဝန်ပေးထားတယ်။ ဒီလိုသတ်သတ်မှတ်မှတ် တာဝန်ပေးထားတာနဲ့အညီ တရားဥပဒေစိုးမိုးမှုကို ဖြစ်စေချင်တယ်။ ဥပဒေနဲ့အညီပဲ ဖြစ်စေချင်တယ်။ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အဓိကအနှစ်သာရပဲ။ ဥပဒေရှေ့မှောက်မှာ ဆင်းရဲချမ်းသာမရွေး၊ ရာထူး၊ ဂုဏ်သိန်၊ အရှိန်အဝါမရွေး အားလုံးအညီအမျှ ဖြစ်ရမယ်။ တကယ်ဒီမိုကရေစီကို လိုချင်ရင် ဥပဒေကို လိုက်နာရမယ်။ စည်းကမ်းကို ရိုသေရမယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မျှတတဲ့သဘောထား ရှိရမယ်။ တစ်ယောက်နဲ့တစ်ယောက် သဘောထားကြီးရမယ်။ သည်းခံခွင့်လွှတ်ရမယ်။ ဒါဒီမိုကရေစီကျင့်စဉ်ပဲ” ဟု သမ္မတကြီးက ပြောကြားသည်။

ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းအသီးသီးတွင် တွေ့ဆုံပွဲများပြုလုပ်ရခြင်းမှာ ပကတိအခြေအနေမှန်ကို သိရှိလိုသောကြောင့်ဖြစ်ကြောင်းနှင့် အခြေအနေမှန်ပေါ်မူတည်၍ ပြုပြင်ပြောင်းလဲသင့်သည်များကို ပြောင်းလဲသွားရမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

သမ္မတကြီး လမ်းညွှန်အမှာစကားပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်းက လွှတ်တော်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဦးဝင်းဆွေက တရားလွှတ်တော်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.