Connect with us

Politics, Law & Military

ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆွေးနွေး

ဖားကန့်ဒေသရှိရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာ အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈) ကို အောက်တိုဘာ ၃၀ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဖားကန့်ဒေသသည် တရားဥပဒေစိုးမိုးမှု လိုအပ်သောဒေသဖြစ်ကြောင်း၊ ဖားကန့်ဒေသတွင် နိုင်ငံအနှံ့ကလာရောက်သောရွှေ့ပြောင်း လုပ်သားများရှိကြောင်း၊ ဤဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲမှု များပြားကြောင်း၊ ထို့ကြောင့် လူမှု ဒုက္ခများ၊ ရာဇဝတ်မှုများထူပြောလျက်ရှိကြောင်း၊ ထိုရွှေ့ပြောင်းလုပ် သားများသည် မြေစာပုံပြိုကျ မှုကြောင့် သေဆုံးသူဦးရေများပြားလျက်ရှိကြောင်း၊ လူမသေသော်လည်းဘဝသေ နေကြသည့်သူများ များပြားနေကြောင်း၊ HIV/AIDS၊ အသဲရောင် အသားဝါနှင့် နာတာရှည်ရောဂါများလည်း ဖြစ်ပွား လျက်ရှိပါကြောင်း၊ ကလေးသူငယ်များ၏ ကျန်းမာရေး/ပညာရေးထိခိုက်လာကြောင်း၊ ထို့ကြောင့် ထိုဒေသတွင် ဆောင်ရွက်စရာကိစ္စရပ်များများစွာပေါ်ပေါက်လာကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

အဆိုပါ ဒေသတွင် မြေစာပုံများကြောင့် ဥရုချောင်းတိမ်ကောလာခြင်း၊ ချောင်းလက်တက်များပိတ်ဆို့လာခြင်း၊ နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခြင်းစသည့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်တွင် “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ခွဲ (၆)ဖွဲ့” ဖွဲ့စည်းပေးခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းအဖွဲ့၏ တာဝန်တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုများ၊ ထိခိုက်လွယ်အုပ်စုများ (ဥပမာ၊ မသန်စွမ်း သူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အို များ)အတွက် အခြေအနေ အဆင့်အတန်းတစ်ခုရောက်ရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဂုဏ်သိက္ခာရှိသည့် အသိုက်အဝန်းဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၊အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပွင့်လင်းမြင်သာစွာထိရောက်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အားဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်းနှင့် ဂုဏ်သိက္ခာရှိ သောလူ့အသိုက်အဝန်းဖြစ်ပေါ်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးတွင် အလုပ်အကိုင်ဖန်တီးပေးခြင်းနှင့်မြေယာစီမံခန့်ခွဲမှု ကိစ္စရပ်များ၊ မြေလွတ်မြေ လပ်မြေရိုင်းများတွင်အခြေချနေထိုင်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခြင်းများ ဖြစ်ကြောင်း၊ဥပဒေနှင့် အညီစီမံခန့်ခွဲပေးသွားမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ရာတွင် ပြဿနာအရှိဆုံးမူးယစ် ဆေးဝါးကိစ္စ၌ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွင် အလုပ်အကိုင်အခွင့်အရေး ရရှိရေးသည် ဦးစားပေးကိစ္စရပ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မြေစာပုံအားမှီခိုနေရသည့် လုပ်ငန်းထက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင် များရရှိရေးအတွက် ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ဂုဏ်သိက္ခာရှိသည့် အလုပ်အကိုင်မျိုးဖြစ်ရန် လည်းလိုအပ်ကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းများအတွက် စီမံချက်များရေးဆွဲထားရန် လိုအပ်ကြောင်း၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ရေရှည်စီမံချက်များရှိရ မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဖော်ဆောင်နေသကဲ့သို့ တရားဥပဒေစိုးမိုးရေး၊ အဂတိတိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.