Connect with us

Politics, Law & Military

မိုင်ဂျာယန် အစည်းအဝေး စတုတ္ထနေ့တွင် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်သုံးသပ်ချက်ထဲတွင် ပါရှိသည့် အချက်များအပေါ် ဘုံသဘောထားများ ချမှတ်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး စတုတ္ထနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

မိုင်ဂျာယန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ မိုင်ဂျာယန်၌ ပြုလုပ်လျက် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး စတုတ္ထနေ့တွင် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သုံးသပ်ချက်ထဲတွင် ပါရှိသည့် အကြောင်းအရာများအား ဘုံသဘောထားများ ချမှတ်နိုင်ခဲ့ကြောင်း ဇူလိုင် ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သုံးသပ်ချက်ထဲတွင် ပါရှိသည့် ကိုယ်စားပြုမှု နှင့် စုဖွဲ့မှု ပုံစံ နှင့် ပတ်သက်၍ သုံးပွင့်ဆိုင် ကိုယ်စားပြုမှု စနစ် အပေါ် ဆက်လက် အခြေခံ သွားရန် ၊ ဆွေးနွေးမည့် အကြောင်းအရာ နှင့် ပတ်သက်၍ နိုင်ငံရေး ၊ လူမှုရေး ၊ လုံခြုံရေး နှင့် မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ ကိစ္စရပ် ခေါင်းစဉ်ကြီး ငါးခုအား အဓိက ထား၍ ဆွေးနွေးသွားရန် စသည့် အချက်များ ပါဝင်သည့် ဘုံသဘောထားများကို ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သုံးသပ်ချက်ထဲတွင် ပါရှိသည့် ကိုယ်စားပြုမှု နှင့် စုဖွဲ့မှု ၊ ဆုံးဖြတ်ချက် ချမှတ်သည့် ပုံစံ ၊ ဆွေးနွေးမည့် အကြောင်းအရာ များနှင့် နိုင်ငံရေး ဆွေးနွေးမှု ပုံစံ အဆင့်ဆင့်ကို ခေါင်းဆောင် ကိုယ်စားလှယ်များမှ အပြန်အလှန် ဆွေးနွေး၍ ဘုံသဘောထားများ စုစည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ သြဂုတ်လအတွင်း ကျင်းပရန် လျာထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံသို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တက်ရောက်နိုင်မှု အခြေအနေ အပေါ် “၂၁ ရာစု ပင်လုံ ညီလာခံမှာ တက်မယ် ၊ မတက်ဘူး ဆိုတာတော့ ယေဘူယျအားဖြင့် အားလုံးက တက်ချင်တဲ့ ဆန္ဒရှိတယ်။တက်နိုင်မလား ၊ မတက်နိုင်ဘူးလား ဆိုတဲ့ ကိစ္စကတော့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ကို လက်မှတ် ထိုးရမလား။ထိုးပြီးမှ တက်ခွင့် ရှိမလား ဆိုတဲ့ ကိစ္စ အပေါ်မှာလည်း အများကြီး စကား ပြောပါတယ်။အဲဒီ ကိစ္စကလည်း ဒီဝိုင်းမှာ ဆုံးဖြတ်ပေးလို့မရဘူး ဖြစ်နေပါတယ်။ဒါက အစိုးရနဲ့ပြန်ညှိရအုန်းမယ်။”ဟု မွန်ပြည်သစ် ပါတီ(NMSP)မှ နိုင်ဟံသာ က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာ စုံညီ အစည်းအဝေး ၄ ရက် အတွင်း ဖက်ဒရယ် ပြည်ထောင်စုကို မည်သို့တည်ဆောက်မည်လဲ ဆိုသည်ကို ညှိနှိုင်း၍ သဘောတူညီချက်များ ရရှိခဲ့ကြောင်း ၊ လုံခြုံရေး နှင့် ကာကွယ်ရေး ဆိုင်ရာများ ဆွေးနွေးခဲ့ပြီး အပြီးသတ်သေးကြောင်း ၊ ၂၁ ရာစု ပင်လုံတွင် တက်ရောက်နိုင်ရန် မူဘောင်ကို ညှိနှိုင်းကြကြောင်း သိရသည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးကို အဓိက ရည်ရွယ်ချက် နှစ်ခု ဖြစ်သည့် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေး အတွက် အကြို ညှိနှိုင်းရေး နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ နိုင်ငံရေး ဘုံသဘောထားများ ရရှိရေး အတွက် ကျင်းပနေခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)