Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံကို မိုင်းလားနှင့် ဝ အဖွဲ့တို့ ပါဝင်နိုင်ရေး သီးခြား တွေ့ဆုံ ဆွေးနွေးမည်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ကော်မတီနှင့် မိုင်းလား အထူးဒေသ (၄) ၊ ဝ အထူးဒေသ (၂) ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ကော်မတီနှင့် မိုင်းလား အထူးဒေသ (၄)၊ ဝ အထူးဒေသ (၂) တို့ ပထမဆုံး အကြိမ်အဖြစ် နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ နံနက် ၁၀း၀၀ နာရီ၌ တွေ့ဆုံခဲ့ရာ မိုင်းလားနှင့် ဝ အဖွဲ့တို့က ၂၁ ရာစု ပင်လုံကို ထောက်ခံ ကြိုဆိုကြပြီး ၎င်းတို့ပူးပေါင်း ပါဝင်နိုင်ရေးကိုမူ သီးခြားစီ တွေ့ဆုံ ဆွေးနွေးသွားမည်ဟု နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ ဦးဇော်ဌေးက ပြောသည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ ဝ အထူးဒေသ (၂) ၊ မိုင်းလား အထူးဒေသ (၄) ပုဂ္ဂိုလ်တွေနဲ့တွေ့ကြတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့၂၁ ရာစု ပင်လုံ ညီလာခံကို ရှင်းပြတယ်။ မိုင်းလား ဒေသ နဲ့ဝ ဒေသတွေကလည်း သူတို့ရဲ့ ရပ်တည်ချက်ကို ရှင်းပြတယ်။ အထူးဒေသ ၂ ရော အထူးဒေသ ၄ ရော ၂၁ ရာစု ပင်လုံ ညီလာခံကို ထောက်ခံတယ်၊ ကြိုဆိုတယ်။ ဘယ်လို ပူးပေါင်း ပါဝင်နိုင်မလဲ ဆိုတာကိုတော့ မနက်ဖြန်ကျရင် ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဝ နဲ့ဆက်ပြီး ဆွေးနွေးသွားမယ်။ နောက်မိုင်းလား အဖွဲ့နဲ့တော့ ရန်ကုန်မှာ ဒီရက်ပိုင်းအတွင်း ဆွေးနွေးမယ်” ဟု ယနေ့တွေ့ဆုံပွဲ အပြီးတွင် ၎င်းက မီဒီယာသို့ရှင်းပြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ကော်မတီနှင့် မိုင်းလား အထူးဒေသ (၄) ၊ ဝ အထူးဒေသ (၂) ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ယခု တွေ့ဆုံပွဲသည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးကြီးသည့် ခြေလှမ်း တစ်ရပ် ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့နှစ်ဖွဲ့တို့အကြား ရင်းနှီးမှု ယုံကြည်မှုများ တည်ဆောက်ခြင်းလည်း ဖြစ်ကြောင်းနှင့် အပြုသဘော ဆောင်သည့် တွေ့ဆုံမှု ဖြစ်ကြောင်း သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းပြသည်။

၂၁ ရာစု ပင်လုံ ညီလာခံတွင် ပါဝင်လာနိုင်ရေး အတွက် မူအားဖြင့် ဆွေးနွေးခြင်း ဖြစ်သော်လည်း ထိုအဖွဲ့များနှင့် ဆက်လက်ပြီး ညှိနှိုင်းရမည့် ကိစ္စများ ရှိနေသည်။

“ဒီဘက်မှာက NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေ သွားနေတဲ့ လမ်းကြောင်းနဲ့သူတို့ဖြစ်နေတဲ့ လမ်းကြောင်းအတွက် အသေးစိတ်တွေ ထပ်ပြီးတော့ ညှိရဦးမယ်” ဟု ၎င်းက ပြောသည်။ မိုင်းလားအဖွဲ့ကရော ဝ အဖွဲ့ကပါ ၂၁ ရာစု ပင်လုံအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိကြကြောင်း၊ သို့ရာတွင် ယနေ့တွေ့ဆုံပွဲ၌ ပြည်နယ် တောင်းသည့် ကိစ္စ၊ တိုင်းရင်းသား တန်းတူ အခွင့်အရေး ကိစ္စနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် စသည့် နိုင်ငံရေး ဆွေးနွေးမှုများ မပါဝင်ကြောင်းလည်း ၎င်းက ပြောသည်။

“အဲဒါတွေကို ၂၁ ရာစု ပင်လုံ ညီလာခံကျမှ ဆွေးနွေးမှာ၊ တိုင်းရင်းသား အားလုံး လက်ခံနိုင်တဲ့ ပြည်ထောင်စု သဘောတူညီချက်ကို အဲဒီ ညီလာခံကျမှ ဆွေးနွေးမှာ။ ဒီနေ့ပွဲက သဘောတူညီချက် ရဖို့ဆွေးနွေးတဲ့ ပွဲ မဟုတ်ဘူး၊ အထူးဒေသ (၂) နဲ့အထူးဒေသ (၄) တို့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းသူတွေ အဖွဲ့ကို ပထမဆုံး စတင်တွေ့ဆုံတဲ့ ပွဲပါ။ အားလုံးက ပွင့်ပွင့်လင်းလင်း ပြောကြပါတယ်” ဟုလည်း ဦးဇော်ဌေးက ပြောသည်။

ဇူလိုင်လ ၃၀ ရက်တွင် ဝ အဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့တို့ နေပြည်တော်မှာပင် ဆက်လက်တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ပြီး မိုင်းလား အဖွဲ့ကိုမူ ယခု ရက်ပိုင်းအတွင်း ရန်ကုန်တွင် သီးသန့်ဆွေးနွေးသွားမည် ဖြစ်သည်။ ထိုဆွေးနွေးမှုများက NCA တွင် လက်မှတ် ထိုးမထားဘဲ ၂၁ ရာစု ပင်လုံတွင် မည်သို့ ပါဝင်၍ ရနိုင်မည်နည်း ဆိုသည့် အဖြေကို ရရှိမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲ အပြီးတွင် မိုင်းလားနှင့် ဝ အဖွဲ့ နှစ်ဖွဲ့စလုံးသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် နေ့လယ် ၂ း ၃၀ နာရီ၌ ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင ်ရိပ်သာတွင် တွေ့ဆုံခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.