Connect with us

Politics, Law & Military

မိုင်နှုန်း ပိုမောင်းသည့် ယာဉ်မောင်း ၃၃၀၀၀ ကျော်အား တရားစွဲနိုင်ခဲ့

နေပြည်တော်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်နှုန်း ကီလိုမီတာ ၁၀၀ အထက် ပိုမိုမောင်းနှင်သော ယာဉ်မောင်း များအား အရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၁၆ စက်တင်ဘာလမှ ၂၀၁၈ မတ်လ အတွင်း ယာဉ်မောင်း ၃၃၄၈၆ ဦးတို့အား သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆိုနိုင်ခဲ့ကြောင်း ဆောက် လုပ် ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။

“လှည်းကူးမြို့နယ် တရားရုံးမှာ ၇၀၄၉ မှု၊ ပဲခူးမြို့နယ် တရားရုံးမှာ ၆၅၅ မှု၊ ဖြူးမြို့နယ် တရားရုံးမှာ ၅၉၁၃ မှု၊ တောင်ငူမြို့နယ် တရားရုံးမှာ ၂၉၅ မှု၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ၁၁၇၂၆ မှု၊ မိတ္ထီလာမြို့ နယ် တရားရုံးမှာ ၁၉၇၄ မှု၊ တံတားဦးမြို့နယ် တရားရုံးမှာ ၅၈၇၄ မှု — စုစုပေါင်း ၃၃၄၈၆ မှုမှ ယာဉ်မောင်း ၃၃၄၈၆ ဦးတို့ကို တရားစွဲဆို တင်ပို့ခဲ့ပါတယ်” ဟု ၎င်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြစိန်၏ အမေးကို ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ခရီးသည်များ ဘေးကင်း လုံခြုံစွာ သွားလာနိုင်ရေးအတွက် သတ်မှတ်အမြန်နှုန်းထက် ပို မမောင်းကြ ရန် ယာဉ်မောင်းသူများ လိုက်နာကြရမှာဖြစ်ကြောင်း၊ ပိုမောင်းသူတို့ကို တရားဥပဒေအရ အရေးယူရ ခြင်း ဖြစ်ကြောင်း၊ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၅၈ (က) အရ မိုင်နှုန်းပိုမောင်းသော ယာဉ်မောင်းအား တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံး ဖြစ်စေ ပြစ်ဒဏ် ချမှတ်ရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့် ယာဉ်မောင်းများ အား အရေးယူ ဆောင်ရွက်ရခြင်း၊ ဒဏ်ငွေ ရယူခြင်းတို့အစား စည်းကမ်းတကျ မောင်းနှင်ကြခြင်း ကိုသာ ပိုမို လိုလားပါကြောင်း ၎င်းက ပြောခဲ့သည်။ (Xinhua)