Connect with us

Politics, Law & Military

မြန်မာတစ်နိုင်ငံလုံးရှိ မဲရုံများ၌ လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေးအတွက် အထူးရဲ ၄၀,၀၀၀ကျော်အား တစ်လခန့် သင်တန်းများစတင်ပို့ချနေဟုဆို

အထူးရဲသင်တန်းများ၌ သင်တန်းသားများကိုသင်တန်းပို့ချနေမှု ကိုတွေ့ရစဉ် (ဓာတ်ပုံ- Yangon Police)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေးအတွက် အထူးရဲ ၄၀,၀၀၀ကျော်အား တစ်လကြာ သင်တန်းများစတင်ပို့ချနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ ယနေ့ (အောက်တိုဘာ ၂ ရက်)တွင် ပြောကြားသည်။

” မဲရုံတစ်ရုံမှာ တစ်ယောက်နဲ့ တစ်နိုင်ငံလုံးက မဲရုံတွေအတွက် ခန့်ထားတဲ့ အထူးရဲတွေကို မနေ့က(အောက်တိုဘာ ၁ရက်)စပြီး သင်တန်းစဖွင့်တယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းတွေအတိုင်း သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေရဲ့ မြို့နယ် တစ်ခုချင်းဆီမှာ ဖွင့်လှစ်ထားတယ်”ဟု ၎င်းကဆိုသည်။

အထူးရဲသင်တန်းများ၌ သင်တန်းသားများကိုသင်တန်းပို့ချနေမှု ကိုတွေ့ရစဉ် (ဓာတ်ပုံ- Yangon Police)

အထူးရဲသင်တန်းများ၌ သင်တန်းသားများကိုသင်တန်းပို့ချနေမှု ကိုတွေ့ရစဉ် (ဓာတ်ပုံ- Yangon Police)
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန် ရည်ရွယ်၍ ရဲကျင့်ဝတ် ဘာသာရပ်၊ ဥပဒေ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်တတ်စေရန် အထူးရဲသင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ၊ သင်တန်းကို အထူးရဲတပ်ဖွဲ့များဝင်များ၏ သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ စည်းကမ်းများ၊ အမိန့်နှင့်ညွန်ကြားချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို အောက်တိုဘာ(၁)ရက်နေ့မှ(၂၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တွင်ကျင်းပသော အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် လှိုင်းဘွဲ့မြို့နယ်မှူး ရဲမှူး ဆန်းဦးက ပြောကြားသည်။

ယခု ဖွင့်လှစ်သည့် သင်တန်းသည် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ လုံခြုံအေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် အထူးရဲတပ်ဖွဲ့ဝင်များကို သင်တန်းပို့ချခြင်း ဖြစ်ကြောင်း ချင်းပြည်နယ်တွင်ကျင်းပသော အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနား၌ ဟားခါးခရိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီး ဝဏ္ဏဇော် ကပြောကြားသည်။

အဆိုပါ အထူးရဲသင်တန်းများအား တိုင်းဒေသကြီး(သို့)ပြည်နယ်များရှိ သက်ဆိုင်ရာမြို့နယ် တစ်ခုချင်းဆီ၌ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

အထူးရဲသင်တန်းသားများအနေဖြင့် ၂၀၂ဝပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တစ်လခွဲကာလတွင် အမြဲတမ်းခန့်အပ်ခြင်းခံရသည့် သန္ဓေရဲတပ်ဖွဲ့ဝင်များနည်းတူ လစာနှင့် စရိတ်များခံစားခွင့်ရှိပြီး ဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လိုက်နာရမည့် ဥပဒေ/စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင်များ သိရှိလိုက်နာဆောင်ရွက်ရမည့် ဥပဒေ/စည်းမျဉ်းစည်းကမ်းများ၊ အခြားသိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကြေညာစာတမ်းများစသည့် သိမှတ်ဖွယ်ရာများကို ထုတ်နုတ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117