Connect with us

Politics, Law & Military

မြန်မာနိုင်ငံပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန် ဥပဒေအပါအဝင် ဥပဒေ လေးခု အတည်ပြု

ပြည်ထောင်စု လွှတ်တော် ဥပဒေးကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက ဥပဒေကြမ်း ပြင်ဆင်ချက်များ တင်ပြစဉ်။

နေပြည်တော်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော ဥပဒေကြမ်း လေးခု တို့ကို ပြည်ထောင်စု လွှတ်တော်က ယနေ့ အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုခဲ့သည်။

ထိုဥပဒေများမှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်း၊ မြန်မာနိုင်ငံ ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်း၊ ရေနံ လက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်း နှင့် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းတို့ ဖြစ်ကြသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်း၊ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်း၊ ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဇူလိုင် ၁၁ ရက် နေ့တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဖတ်ကြားတင်ပြခဲ့သည်။ အဆိုပါ ဥပဒေကြမ်း များ အတွက် ပြင်ဆင်ချက် အဆို တင်သွင်း ဆွေးနွေးရန် အမည်စာရင်း ပေးပို့ထားသည့် လွှတ်တော် ကိုယ်စားလှယ် မရှိသဖြင့် နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်နှင့် အညီ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သဘောထားမှတ်ချက်၊ ပြင်ဆင်ချက်တို့ကို အခြေခံ ကာ ယနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းတွင်မူ ၎င်းဥပဒေ၏ ပုဒ်မ ၃ (က)၊ (ခ) နှင့် (ဂ) တို့တွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်များက တစ်ဖက်၊ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်စိုး (ခ) ဦးစိုးသိန်း နှင့် နိုင်ငံတော် သမ္မတ၏ ပြင်ဆင်ချက်က တစ်ဘက် ဖြစ်နေပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူမည်ဟု ပြောကြားသဖြင့် ဆန္ဒမဲ ပေးခဲ့ကြရာ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အား ထောက်ခံမဲ များသဖြင့် ထိုပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပြီး ကျန်သည့် ပြင်ဆင်ချက်များသည် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောတူသဖြင့် သမ္မတ၏ သဘောထားမှတ်ချက်များအတိုင်း အတည်ပြုခဲ့သည်။ အဆိုပါ အတည်ပြုပြီးသော ဥပဒေ လေးခုတို့ကို ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေနည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက် မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.