Connect with us

Politics, Law & Military

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိစဉ် ကတည်းက ကျင့်သုံးခဲ့သော နိုင်ငံခြားရေး မူဝါဒအတိုင်း ဆက်လက် ကျင့်သုံးသွား မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆင်ဟွာသတင်းဌာနနှင့်သီးသန့် အင်တာဗျူးတွင် ပြောကြား


နေပြည်တော် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့စဉ် ကတည်းက ကျင့်သုံးခဲ့သည့် နိုင်ငံခြားရေး မူဝါဒသည် နိုင်ငံအတွက် အင်မတန် သင့်တော်သည်ဟု ထင်မြင်ပြီး ယင်းမူဝါဒကို အောင်အောင်မြင်မြင် ဆက်လက်ပြီး ကျင့်သုံးသွားနိုင်မည်ဟု ယုံကြည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့နေပြည်တော်၌ ဆင်ဟွာ သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူး ဖြေကြားနေစဉ်(ဆင်ဟွာ)

“ကျွန်မတို့ကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရစဉ်ကတည်းက သုံးခဲ့တဲ့ နိုင်ငံခြားရေး မူဝါဒက မှန်ကန်တယ်လို့ပဲ သဘောထားပါတယ်။ အဲဒီမူဝါဒအရ ကျွန်မတို့အိမ်နီးချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ အဝေးက မိတ်ဆွေတွေနဲ့လည်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဆက်ဆံတယ်။ ဘယ်သူ့ကိုမှ ရန်သူလို မထားဘူး။ အားလုံးကို မိတ်ဆွေလို ထားတယ်။ ဒီလိုကြောင့် မြန်မာနိုင်ငံဟာ အဲဒီအချိန်တုန်းက ကမ္ဘာမှာ ရှိတဲ့ နိုင်ငံ အတော်များများရဲ ့စေတနာကို ရရှိခဲ့တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအပေါ် ထားရှိသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ မူဝါဒနှင့် ပတ်သက်၍ “တရုတ်ပြည်ဆိုတာ ကျွန်မတိုရဲ့အိမ်နီးချင်း နိုင်ငံ တစ်ခု ဖြစ်တယ်ဆိုတာ အားလုံးက သိပြီးသားပါပဲ။ အိမ်နီးချင်း နိုင်ငံများရဲ့ ဆက်ဆံရေး ဆိုတာဟာ အဝေးနိုင်ငံများရဲ့ဆက်ဆံရေးထက် အများကြီး ပိုပြီး သိမ်မွေ့ပါတယ်။ သိမ်မွေ့တဲ့အလျောက် ကျွန်မတို့ဟာ ဒီဆက်ဆံရေးကို သိပ်ပြီးတော့ အလေးထားပြီးတော့ ကောင်းကောင်းမွန်မွန် ၊ ထိထိရောက်ရောက် ၊ တိတိကျကျ ဆက်ဆံသွားမှာပါ။ မိတ်ဖြစ်ဆွေဖြစ်ဆိုတာ ဟိုဖက်ဒီဖက် နှစ်ဘက်စလုံးက လိုလားလို့ရှိရင် မဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူး ဖြေကြားနေစဉ်(ဆင်ဟွာ)

ထ့ိုပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်မှု ရရှိနိုင်ပြီး မှန်ကန်စွာဖြင့် ပြည်သူလူထု ဆန္ဒကို အကောင်အထည်ဖော်သည့် စနစ်အရ နိုင်ငံကို တိုးတက်အောင် လုပ်မည် ဆိုသည်ကို ပွင့်လင်းမြင်သာစွာဖြင့် ထင်ထင်သာသာ ပြနိုင်ပါက နိုင်ငံတကာမှလည်း ယုံကြည်မှု ရှိလာပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ထိရောက် အောင်မြင်စွာ ရင်းနှီးမြှုပ်နှံမှု လုပ်ရန် မည်သည့် နိုင်ငံဖြစ်စေ အလိုအပ်ဆုံး ကိစ္စမှာ ပြည်သူများ၏ ယုံကြည်မှုကို ရယူရန် ဖြစ်ပြီး ပြည်သူများက ယင်းနိုင်ငံများနှင့် စီးပွားရေးအရ ဆက်ဆံရေးသည် မိမိတို့နိုင်ငံကို အကျိုးပြုပါလား ဆိုသည်ကို သဘောပေါက်သွားပါက သဘောပေါက်သည့်အလျောက် တိုးတက်ပြီး ဆက်ဆံရေးများ ပိုမိုနွေးထွေးလာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လာမည့် အစိုးရ သက်တမ်းအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အနေဖြင့် အဓိက ဦးစားပေး လုပ်ဆောင်သွားမည့် အခန်းကဏ္ဍများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရန် အင်မတန်လိုအပ်နေသည့် နိုင်ငံဖြစ်ပြီး ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို ပြည်သူလူထုမှ ထောက်ခံသည်မှာ တကယ်ကို ပြုပြင်ပြောင်းလဲရေးကို လိုလား၍ ဖြစ်ကြောင်း၊ စီးပွားရေး ကဏ္ဍသည်လည်း စီးပွားရေး ကဏ္ဍအရ ၊ နိုင်ငံရေးကဏ္ဍသည်လည်း နိုင်ငံရေး ကဏ္ဍအရ ၊ လူမှုရေး ကဏ္ဍသည်လည်း လူမှုရေး ကဏ္ဍအရ အသီးသီး ကိုတစ်ပြိုင်တည်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

“ကျွန်မတို့အတွက် အင်မတန်မှ အရေးကြီးတဲ့ ငြိမ်းချမ်းရေး ကိစ္စဆိုတာကိုလည်း တစ်ချိန်တည်း လုပ်သွားရမယ်။ အစိုးရအဖွဲ့တစ်ခု လုပ်တယ်ဆိုတာ ဒီတစ်ခုပြီးမှ တစ်ခု လုပ်လို့မရဘူး။ လုပ်စရာရှိတဲ့ ကိစ္စတွေကို မျှပြီး လုပ်ရမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.