Connect with us

Politics, Law & Military

ရွေးကောက်ပွဲ အပြီးကာလ လုပ်ငန်း တာဝန်များကို တည်ငြိမ် အေးချမ်းစွာ ဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့၊ တပ်မတော်တို့နှင့်အတူ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ပြောကြား

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း နိုဝင်ဘာလ ၁၆ ရက် နေပြည်တော်၌ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် အဖွင့် အမှာစကား ပြောကြားနေစဉ်

နေပြည်တော် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီးမှုအတွက် ကြိုဆိုရမည် ဖြစ်သကဲ့သို့ဆက်လက်၍ ရွေးကောက်ပွဲ အပြီး ကာလတွင် နိုင်ငံတော်အတွက် ကျန်ရှိသည့် လုပ်ငန်း တာဝန်များကို တည်ငြိမ် အေးချမ်းစွာဖြင့် ဆောင်ရွက်နိုင်ရေးကို ပြည်ထောင်စု အစိုးရအဖွဲ့၊ တပ်မတော်တို့နှင့် အတူ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ယနေ့နိုဝင်ဘာလ ၁၆ ရက် နေပြည်တော်၌ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အဖွင့် အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက “ကျွန်တော့် အနေနဲ့ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် လွှတ်တော်များ ခေါ်ယူဖွဲ့စည်းချိန်အထိ ဆောင်ရွက်ပေးရန် ရှိတဲ့ ကိစ္စရပ်များကို သက်ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများနှင့် အညီ စနစ်တကျနှင့်အစီအစဉ် ရှိရှိ ဆက်လက် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့လည်း နိုင်ငံမှာ ယခင်ကာလက နှစ်ပေါင်း အတော်ကြာ ဆောင်ရွက်ခွင့် မရခဲ့သည့် ဒီမိုကရေစီ စနစ်၏ ဥပဒေပြုရေး လုပ်ငန်း တာဝန်များကို ဆက်လက် ထမ်းဆောင်နိုင်မည့် သက်တမ်း ၂ လခန့်သာ ကျန်ရှိသည့် အတွက် ဒီကာလအတွင်းမှာ နိုင်ငံတော် နဲ့ပြည်သူများအတွက် စေတနာ ပါပါ ၊ သစ္စာရှိရှိ ဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အတူ ဒုတိယအကြိမ် လွှတ်တော်များသည် ပထမအကြိမ် လွှတ်တော်များထက် အရည်အသွေး ၊ အရည်အချင်းများ ပိုမို ကောင်းမွန်ပြီး နိုင်ငံနှင့် ပြည်သူများအပေါ် ပိုမို အလုပ်အကျွေး ပြုပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့စတင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်မှ စိစစ် ဆွေးနွေးပြီး ဆောင်ရွက်ပေးရမည့် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေကြမ်း အတည်ပြု ပြဌာန်း နိုင်ရန်နှင့် လွှတ်တော် အသီးသီးရှိ ဆောင်ရွက်ဆဲ ဥပဒေကြမ်းများ အနက် မဖြစ်မနေ ဆောင်ရွက် ပေးသင့်သည့် ဥပဒေကြမ်းများ ကို ဦးစားပေးအလိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုလုပ်ငန်း တာဝန်များ အချိန်မီနှင့် အောင်မြင်စွာ ပြီးမြောက်နိုင်ရန် အလုပ်၏ အရေးကြီးမှုအပေါ် မှုတည်ပြီး အချိန်ကို အကျိုး ရှိသထက် ရှိအောင် စနစ်တကျ စီမံ အသုံးပြု နိုင်ရန်နှင့် အားလုံးက ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117