Connect with us

Politics, Law & Military

မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် ခင်မင် ရင်းနှီးသည့် ဆက်ဆံမှုကို ဆက်လက် ထိန်းသိမ်း မြှင့်တင်လိုသည့် သဘောဆန္ဒကို မလေးရှား သံအမတ်ကြီးအား ဆင့်ခေါ် အသိပေး

နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် ခင်မင် ရင်းနှီးသည့် ဆက်ဆံမှုကို ဆက်လက် ထိန်းသိမ်း မြှင့်တင်လိုသည့် သဘောဆန္ဒကို နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ဒုတိယ ဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှား နိုင်ငံ သံအမတ်ကြီး H.E.Mohd.Haniff Bin Abd Rahman အား ဆင့်ခေါ်၍ အသိပေး ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ဒီဇင်ဘာ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှား နိုင်ငံ သံအမတ်ကြီး H.E.Mohd.Haniff Bin Abd Rahman အား ယမန်နေ့က ဆင့်ခေါ်၍ ဒီဇင်ဘာ ၄ ရက်တွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇက် အနေဖြင့် ကွာလာလမ်ပူမြို ့၌ လူထု ဆန္ဒပြပွဲ တစ်ရပ်ကို ဦးဆောင် ကျင်းပခဲ့ပြီး အခြေအမြစ် မရှိသည့် သတင်းများ အပေါ် အခြေခံလျက် အာဆီယံ မိသားစုဝင် နိုင်ငံ တစ်နိုင်ငံ၏ အစိုးရ တစ်ရပ် အပေါ် ပြင်းထန်စွာ စွပ်စွဲ ပြောကြားမှုများ ပြုလုပ်ခဲ့ခြင်း အတွက် များစွာ အံသြ စိတ်ပျက်မိကြောင်း ဒုတိယ ဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့သည်။
ဒုတိယ ဝန်ကြီးက “လူမျိုးသုဉ်း သတ်ဖြတ်မှု” ၊ “လူမျိုးစု သုတ်သင် ရှင်းလင်းမှု” စသည့် မဟုတ်မမှန် စွပ်စွဲချက်များကိုလည်း ကန့်ကွက်ခဲ့ပြီး ယင်းကဲ့သို့စွပ်စွဲချက်များသည် မြေပြင်ပေါ်ရှိ ပကတိ အခြေအနေများနှင့် လုံး၀ ကိုက်ညီမှု မရှိကြောင်း နှင့် ထိုသို့တာဝန်မဲ့ ပြောကြားမှုက လူ့အသိုက်အဝန်း နှစ်ခု အကြား ကွဲပြားမှုများကို ပိုမို ကြီးမားလာစေနိုင်ပြီး အစွန်းရောက် အကြမ်းဖက် ဝါဒကို နှိုးဆွပေးသည့် အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အပေါ် အဖွဲ့အစည်း အချို့မှ ရည်ရွယ်ချက် ရှိရှိဖြင့် ထိုးနှက် ဆောင်ရွက်နေသည့် မဟုတ်မမှန် သတင်းများဖြင့် ဝါဒဖြန့်မှုများကြောင့် နားလည်မှု လွဲမှားခြင်းမျိုး မဖြစ်ရန် လိုအပ်ကြောင်း နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အကြား ပဋိပက္ခ အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ချစ်ကြည် ရင်းနှီးမှု နှင့် ပူးပေါင်း ဆောင်ရွက်မှုကို အလေးထား၍ ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းသည့်မူကို စောင့်ထိန်းရန် အရေးကြီးကြောင်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ရခိုင်ဒေသ အရေးကိစ္စအား ဖြေရှင်းနိုင်ရေး အတွက် မြန်မာနိုင်ငံ အနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေသည်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ရခိုင်ဒေသ လုံခြုံရေး နှင့် တည်ငြိမ် အေးချမ်းရေး ၊ လူ့အသိုက်အဝန်း နှစ်ခု အကြား ပိုမို ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ထောင်နိုင်ရေး တို့အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အပေါ် ကူညီ ပံ့ပိုးပေးရန် လိုအပ်ကြောင်း ၊ အခြေအမြစ် မရှိသည့် သတင်း အချက်အလက်များကို အခြေပြု၍ ပြသနာ အတွက် ဖြေရှင်းရန် နည်းလမ်း ရရှိရေးထက် ပြသနာ ပိုမို ကြီးထွားမှုကို ဖြစ်စေနိုင်သည့် ဝေဖန် ပြောကြားမှုများကို ရှောင်ရှားသင့်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အစွန်းရောက် လှုပ်ရှားမှုများ ဖြစ်ပေါ်စေသည့် ဆောင်ရွက်ချက် မှန်သမျှသည် အာဆီယံ၏ စည်းလုံး ညီညွတ်မှုကိုသာမက ဒေသတွင်း အေးချမ်း တည်ငြိမ်ရေးကိုလည်း ထိပါးနိုင်စေကြောင်း နှင့် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ ဒေသတွင်း၌ သာမက ဒေသပြင်ပတွင်ပါ ညီညွှတ်ရေး ၊ တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက အသိပေး ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.