Connect with us

Politics, Law & Military

မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက် စာချုပ်များ လက်မှတ် ရေးထိုး

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာယုဒ်ချန် အိုချာတို့တွေ့ဆုံစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာယုဒ်ချန် အိုချာနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ နှင့် သဘောတူညီချက်စာချုပ်များအား နှစ်နိုင်ငံ သက်ဆိုင်ရာ ဝန်ကြီးများသည် ဇွန်လ ၂၄ ရက်တွင် အပြန်အလှန် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တို့ သည် နှစ်နိုင်ငံ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြီးအကဲများ၏ ရှေ့မှောက်၌ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာ ၊ အလုပ်သမားများ အလုပ်ခန့် ထားရေး ဆိုင်ရာ သဘော တူညီချက် စာချုပ်နှင့် နယ်စပ် ဖြတ်ကျော်မှုဆိုင်ရာ သဘော တူညီချက်စာချုပ် တို့ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက် စာချုပ်များ လက်မှတ် ရေးထိုးနေစဉ် (ဓာတ်ပုံ-MOI)

ထိုနားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက်များ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကိစ္စကို နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လူမှုဘဝ လုံခြုံရေး၊ ကျန်းမာရေးနှင့် ဘဝအာမခံချက် အကျိုးခံစားခွင့်များ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း ၊ အလုပ် ခန့်ထားခြင်း ဆိုင်ရာ သဘောတူ စာချုပ်ပါ ကာလနှင့် သတ်မှတ်ချက်များ ပြီးဆုံးသည့် အလုပ်သမားများကို နေရပ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေး လုပ်ငန်း အစီအစဉ်များ ထိရောက်မှု ရှိရေး၊ အလုပ်သမားများ အား ဥပဒေအရ အကာကွယ်ပေးမှုများ ရရှိခံစားနိုင်ရေး၊ အလုပ်ခန့်ထားခြင်း အတွက် လက်ခံ သည့်နိုင်ငံ၏ နယ်မြေအတွင်း ဝင်ရောက်လာသည့် အလုပ်သမားများသည် လူမျိုးနှင့် ဘာသာ၊ ကျား/မ ခွဲခြားမှု မရှိဘဲ တန်းတူညီမျှအပေါ် အခြေခံ၍ မိမိနိုင်ငံသားများနှင့် တန်းတူ အခွင့်အရေး ရရှိစေရေး စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် တန်းတူ စောင့်ရှောက်မှု ရရှိနိုင်ရေး ၊ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသားများ နေရပ်ပြန်ခေါ် နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးသာမက နှစ်နိုင်ငံ၏ အရေးကြီးသော စီမံကိန်း တစ်ခုဖြစ်သည့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းများနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရေး အတွက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရေး၊ အာဆီယံ မူဘောင် အတိုင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက် နိုင်ငံများတွင် ထိုင်းနိုင်ငံသည် အဆင့် ၂ နေရာ တွင် ရှိပြီး ၂၀၁၄-၂၀၁၅ ခုနှစ်တွင် စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၅,၇၀၇.၆၅ သန်းနှင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၄,၅၁၁.၃၃ သန်းအထိ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)