Connect with us

Politics, Law & Military

မြောင်းမြ တံတား အသစ် တည်ဆောက်ရေးအား ရေရှည် ဘေးကင်းလုံခြုံရေး အတွက် ဘက်ပေါင်းစုံမှ လေ့လာ သုံးသပ် ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

မြောင်းမြ ကြိုးတံတား အဟောင်း နှင့် တံတားအသစ် တည်ဆောက်နေမှု အခြေအနေများအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကြည့်ရှု စစ်ဆေးနေစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

မြောင်းမြ တံတား အသစ် တည်ဆောက်မှု အပေါ် ရေရှည် ဘေးကင်းလုံခြုံရေး အတွက် ဘက်ပေါင်းစုံမှ ပြန်လည် လေ့လာ သုံးသပ်ပြီး ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြတံတား အသစ် တည်ဆာက်ရေး စီမံကိန်းသို့ ရောက်ရှိချိန်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြောင်းမြမြို့ ကြိုးတံတားကျိုးကျမှုကြောင့် ပြည်သူများ ကြုံတွေ့နေရသည့် အခြေအနေများအား ဧပြီ ၁၀ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကသွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

ကျိုးကျသွားသော ကြိုးတံတားဘေးတွင် တည်ဆောက်လျက်ရှိသည့် တံတားအသစ်နှင့် ပတ်သက်၍ နောင်တွင် ပြောစရာ မဖြစ်အောင် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တံတားအသစ်ကို ပြည်တွင်း/ပြည်ပ ပညာရှင်များဖြင့် တိုင်ပင် ဆွေးနွေးပြီး တံတားဒီဇိုင်း ပြောင်းလဲလိုက်၍ တစ်နှစ်အတွင်း ပြီးစီးနိုင်မည် ဆိုသော်လည်း “ရေရှည် ဘေးကင်းလုံခြုံရေး အတွက် အာမခံချက် အပြည့်အဝ ရှိရဲ့လား၊ အရည်အသွေးပြည့်မီရဲ့လား”စသည်အားဖြင့် ဘက်ပေါင်းစုံမှ ပြန်လည်လေ့လာသုံးသပ်ပြီးမှ ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က မြောင်းမြကြိုးတံတား အဟောင်း ပြတ်ကျရာတွင် အသက် ဆုံးရှုံး ခဲ့ရသူနှစ်ဦး၏ မိသားစုဝင်များအား တွေ့ဆုံ အားပေး စကား ပြောကြားနေစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

အရည်အသွေး စစ်ဆေးရေးအဖွဲ့ကို သီးခြားလွတ်လပ်သော စစ်ဆေးရေးအဖွဲ့ဖြင့်သာ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထိုအရည်အသွေးစစ်ဆေး ရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရက ရှာပေးမည် ဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ကျန်ရှိနေသော ကြိုးတံတား ၂၉ စင်းကိုလည်း ကြံ့ခိုင်မှုနှင့် အရည်အသွေး စစ်ဆေးမှုများ အမြန်ဆုံး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ရေရှည်ကာလအားဖြင့် ဒေသတွင်း ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် လပွတ္တာမြို့ မှ ပြည်သူများ အနေဖြင့် မြောင်းမြမြို့သို့ ဖြတ်သန်းရန် မလိုဘဲ ပုသိမ်မြို့သို့ တိုက်ရိုက်သွားနိုင်မည့် လပွတ္တာ -ငပုတော- ပုသိမ်လမ်းမှာ ဘတ်ဂျက် ခွဲဝေပေးထားပြီး ဖြစ်၍ လာမည့် နှစ်ပတ်အတွင်း အမြန်ဆုံး အကောင် အထည်ဖော် ပြင်ဆင်သွားရန်၊ လပွတ္တာမှ ဇက်ရေယာဉ် ၁ စီးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန်၊ သို့မှသာ မြောင်းမြတံတားကို အားကိုးအားထားပြု သွားလာနေရသည့် ပြည်သူများ သွားလာရေး အဆင်ပြေ ချောမွေ့လာမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြောင်းမြကြိုး တံတားအဟောင်း နှင့် မြောင်းမြ တံတားအသစ် တည်ဆောက်နေမှု အခြေအနေတို့ကို ကြည့်ရှုပြီး မြောင်းမြကြိုးတံတား အဟောင်း ပြတ်ကျရာတွင် အသက် ဆုံးရှုံး ခဲ့ရသူနှစ်ဦး၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေး စကား ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.