Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ကော်မရှင်တွင်နိုင်ငံခြားသားပါဝင်နေမှုအပေါ်နိုင်ငံတော်၏အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရှင်းလင်း

နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းပွဲတွင်ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် အရေးကိစ္စများကို ဖြေရှင်းနိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို နိုင်ငံခြားသား ပညာရှင် သုံးဦး အပါအဝင် အဖွဲ့ဝင် ကိုးဦးတို့ဖြင့် ဖွဲ့စည်းကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး ဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့အပြီး ထိုသို့နိုင်ငံခြားသားများ ပါဝင်ဖွဲ့စည်းမှုအပေါ် လူမှုကွန်ယက် စာမျက်နှာ နှင့် မီဒီယာအချို့တွင် ဝေဖန် ထောက်ပြမှုများ ပေါ်ထွက်လာခဲ့သည်။

ထိုဝေဖန်မှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ညနေ သတင်းစာရှင်းပွဲတွင် မီဒီယာသို့ ရှင်းပြခဲ့သည်။“ဒါနဲ့ပတ်သက်ပြီး မီဒီယာတွေမှာ ရေးကြသလို နိုင်ငံရေးပါတီတချို့ကလည်း Statament တွေ ထုတ်ကြတာ ရှိပါတယ်။ အဓိက စိုးရိမ်နေမှုကတော့ အမျိုးသား လုံခြုံရေးနဲ့အမျိုးသားရေး ပေါ့နော်။ အဲဒီအတွက်လည်း လက်ခံပါတယ်။ ကော်မရှင်ဖွဲ့ရာမှာ သူတို့ကို ဘယ်လောက်အထိ လုပ်ပိုင်ခွင့် ပေးထားသလဲ ဆိုတာက အဓိကကျပါတယ်။ ဒီ ကော်မရှင်ရဲ့ နာမည်ကိုက အကြံပေးကော်မရှင်ဖြစ်ပါတယ်၊ ဖွဲ့တဲ့အခါမှာလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ ကိုဖီအာနန် ဖောင်ဒေးရှင်း ကြားမှာ MOU လက်မှတ်ထိုးပြီး ဖွဲ့တာပါ” ဟု ၎င်းက ရှင်းပြသည်။

ကိုဖီအာနန်သည် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ကုလ အတွင်းရေးမှူးချုပ် အနေဖြင့် မဟုတ်ဘဲ ကိုဖီအာနန် အနေဖြင့် သာ ရခဲ့သူဖြစ်ပြီး ကမ္ဘာတွင် အခြားသော ဆုတံဆိပ် အတော်များများ ရထားသူလည်း ဖြစ်ကြောင်း၊ ကော်မရှင် အဖွဲ့ဝင်များ ရွေးချယ်ရာတွင် အတွေ့အကြုံ ရှိသူ၊ အများက လေးစားသူ စသည့် စံညွှန်း သတ်မှတ်ချက် လေးခု ထားရှိပြီး ၎င်းစံညွှန်းလေးခုနှင့် ကိုက်ညီသည့် ပြည်ပ ပညာရှင် သုံးဦး ၊ ပြည်တွင်းက ခြောက်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။“ပြည်ပ ပညာရှင်တွေ ရွေးရတာက ရခိုင် – မူဆလင်ပြဿနာက ဒီအစိုးရ တက်လာတဲ့အခါမှာ စောင့်ကြည့်ခံရတဲ့ ပြဿနာပါ။ ဒီ ပဋိပက္ခဟာ သိမ်မွေ့တယ်၊ နက်နဲ ကျယ်ပြန့်တယ်၊ ထိလွယ် ရှလွယ်တယ်။ အရင် အစိုးရ လက်ထက်မှာ မြန်မာပြည်တွင်းက လူတွေနဲ့ကော်မရှင်ဖွဲ့ပြီး လုပ်ခဲ့တယ်။ လုပ်ခဲ့ပေမယ့် ဒီ ကော်မရှင်ကနေ recommendation တွေ ထွက်လာတော့ နိုင်ငံတကာ အသိုက်အဝန်းက ဒါကို ပြန် သုံးသပ်ဖို့ လိုပါမယ်လို့ သတ်မှတ်တယ်။ လေ့လာ သုံးသပ်နိုင်တဲ့ ရခိုင် သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေလည်း ရှိပါတယ်။ ရခိုင်ပြသနာကို သူတို့လည်း ခေတ်အဆက်ဆက် ပြောနေကြတယ်။ ဒါပေမယ့် အဖြေ မထွက်ပါဘူး။ ဒါ ပထမအချက်ပါ” ဟု နိုင်ငံခြားသား ပညာရှင်များ ပါဝင်ဖို့လိုအပ်သည့် ပထမ အချက်ကို ၎င်းက ထောက်ပြသည်။

“နောက်တစ်ချက်က ကော်မရှင်နဲ့ပတ်သက်လို့ဘာလုပ်ပိုင်ခွင့်တွေ ပေးထားလဲ။ ကော်မရှင်ဟာ သူ ့ရဲ့ ရှာဖွေ တွေ့ရှိချက်တွေ အကြံပြုချက်တွေကို မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က တစ်ဆင့် အစိုးရအဖွဲ့ထံ တင်ပြရန်ပဲ ဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်ကို ပေးထားတဲ့ လုပ်ပိုင်ခွင့်ပါ။ နောက်ပြီး ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပါတယ်။ နောက်ပြီး ရခိုင်ကိစ္စမှာ နိုင်ငံတကာက ပါဝင် ပတ်သက်နေမှု ရှိပါတယ်။ မည်သို့ပင် ငြင်းဆန်စေကာမူ ပတ်သက်မှုတွေ ရှိပါတယ်။ OIC နဲ့တခြား အဖွဲ့တွေ ပါဝင်နေတာကို ပြီးခဲ့တဲ့ UN ရုံးတွေ ကိစ္စမှာ ထင်ထင်ရှားရှား တွေ့ရပါတယ်” ဟုလည်း ရခိုင်ပြည်နယ်၏ သိမ်မွေ့သော အခြေအနေများကို ၎င်းက ရှင်းပြသည်။ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်၏ လုပ်ပိုင်ခွင့်မှာ အကြံပြု တင်ပြရန်သာ ဖြစ်ပြီး ကော်မရှင်က တင်ပြလာသည့် အကြံပြုချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အစိုးရကို တင်ပြဖို့ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

“ကော်မရှင်က အစိုးရကို ဘာလုပ်ပါ ဘာလုပ်ပါ လို့ပြောခွင့် မရှိပါဘူး။ အဲဒီတင်ပြ အကြံပြုချက်တွေကို အစိုးရက လုပ်မလား၊ မလုပ်ဘူးလား။ လုပ်ရင် ဘာဖြစ်မလဲ၊ မလုပ်ရင် ဘာဖြစ်မလဲ ဆိုတာတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။ကော်မရှင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ပေးအပ်ထားသည့် တာဝန်များမှာ ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံ အခွင့်အရေးများ အာမခံ ရရှိရေး၊ အခြေခံ လူမှု ဝန်ဆောင်မှု ရရှိရေး စသည့် အချက်များ အပါအဝင် အချက် လေးချက်တို့ဖြစ်ပြီး ထို အချက်များ ပြီးပြည့်စုံ ရေးအတွက် အကြံပြု တင်ပြရန်သာ ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားအချို့ပါဝင်နေမှုကြောင့် ရခိုင်ပြည်နယ်ရှိ မူဆလင်ဘာသာဝင်များ မြန်မာ နိုင်ငံသား ဖြစ်ခွင့် ရသွားမည်လားဟု အမျိုးသားရေး အတွက် စိုးရိမ်နေဖို့မလိုကြောင်းလည်း ၎င်းက ရှင်းပြသည်။“ရခိုင်ပြည်နယ်မှာ နေထိုင်ကြောင်း သက်သေခံကတ်တွေ ထုတ်ထားပေးတိုင်း အများက ဝေဖန်နေသလို နိုင်ငံသားဖြစ်ခွင့် မရှိပါဘူး။ ၁၉၈၂ နိုင်ငံသား ဖြစ်ခွင့် ဥပဒေကို ကျော်ဖြတ်ရပါမယ်။ ဥပဒေနဲ့မညီဘဲ သူတို့ကို နိုင်ငံသား ဖြစ်ခွင့် ပေးလို့မရပါဘူး။ ဒီလောက်အထိ ထိလွယ် ရှလွယ် ကိစ္စကို လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ နောက်တစ်ချက်ကတော့ အစိုးရရဲ့ အကြံပြုချက်တွေနဲ့ပတ်သက်ရင် အရင်က ဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက် ၅၉ ချက်မှာ အားလုံးကို အစိုးရက လုပ်ဖို့မလိုပါဘူး။ လုပ်ချင်သည့် တိုင်အောင် တည်ဆဲ ဥပဒေတွေကို ကျော်လွန်ပြီး လုပ်လို့မရပါဘူး။ အခု ကော်မရှင်ကလည်း အလားတူပါပဲ။ သူတို့ အကြံပြုချက်အတိုင်းကို အစိုးရက လုပ်ဖို့မရှိပါဘူး” ဟု ဦးဇော်ဌေးက ပြောခဲ့သည်။

ထိုသို့ ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းနိုင်ရန် အကြံပေးအဖွဲ့တွင် နိုင်ငံခြားသားများ ပါဝင်နေခြင်းအား ကန့်ကွက်ကြောင်းအဆိုကို လာမည့် တနင်္လာနေ့တွင် ပြည်သူ့လွှတ်တော် သို့တင်သွင်းနိုင်ရန် စီစဉ်နေသည်ဟု ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ယနေ့နံနက်ပိုင်းတွင် ဆင်ဟွာသို့ပြောခဲ့သည်။

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မတီနှင့် ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီက “ကော်မရှင် ဖွဲ့စည်းရာတွင် နိုင်ငံတကာ ပုဂ္ဂိုလ်များ ပါဝင်လာခြင်းသည် ပြည်တွင်းရေးရာ ကိစ္စကို နိုင်ငံတကာအရေးကိစ္စ အဖြစ် ဦးတည် နေသကဲ့သို့ဖြစ်ကြောင်း သုံးသပ် ရရှိပါသည်” ဟုလည်းကောင်း၊ “ကော်မရှင်၏ လုပ်ငန်းမှာ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာ ထောက်ထားမှုကိုသာ ဦးစားပေးထားပြီး အမျိုးသားရေးနှင့် နိုင်ငံတော် လုံခြုံရေးူ ကိစ္စများကို လျစ်လျူရှုသကဲ့သို့ဖြစ်နေကြောင်း တွေ့ရှိရသည်။” ဟုလည်းကောင်း ပါတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.