Connect with us

Politics, Law & Military

ဆေးစွဲလူငယ်ပြန်လည် ထူထောင်ရေးစခန်းများ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွင့်လှစ်မည်

ပြည်သူ့လွှတ်တော်အစည်းဝေးကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

မူးယစ်ဆေးစွဲ လူငယ်များအား အသိပညာပေးရေးနှင့် ပြန်လည်ထူထောင်ရေး စခန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောခဲ့သည်။
“ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတို့တွင် မှုးယစ်ဆေးစွဲလူငယ်များ ပြုစု ပျိုးထောင်ရေး စခန်းအသစ် ၁၄ ခု ဖွင့်လှစ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၃ ရက် နေ့စွဲဖြင့် ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် မူးယစ်ဆေးစွဲနေသည့် လူငယ်များအတွက် ၁၉၈၃ ခုနှစ် သြဂုတ် ၁ ရက်တွင် ကသည်းဘက်စုံ ပြန်လည် ထူထောင်ရေးစခန်း အဖြစ်လည်းကောင်း၊ ၂၀၀၂ ဇွန်လ ၆ ရက်၌ ရွှေပြည်အေး လူငယ်ပြုစု ပျိုးထောင်ရေးစခန်း အဖြစ် လည်းကောင်း၊ ၂၀၀၂ ခုနှစ် အောက်တိုဘာ ၂၀ တွင် ရွှေပြည်အေး လူငယ်ပြုစု ပျိုးထောင်ရေးဌာန အဖြစ် လည်းကောင်း၊ ၂၀၀၄ မတ်လ ၄ ရက်တွင် ရွှေပြည်အေး လူငယ်ပြုစု ပျိုးထောင်ရေးစခန်း အဖြစ် လည်းကောင်း၊ ၁၉၉၅ ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် စိုက်ပျိုး မွေးမြူရေးစခန်း ရွှေပြည်သာအား ၁၉၉၉ ဇွန်လ ၁ ရက်တွင် မူးယစ်ဆေး သုံးစွဲသူများ ကုသရေးနှင့် ပြန်လည် ထူထောင်ရေး စခန်း အဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ရွှေပြည်သာ လူငယ်များ ပြုစု ပျိုးထောင်ရေးဌာန အဖြစ် လည်းကောင်း အမည်များ ပြောင်းလဲ ဖွင့်လှစ်ခဲ့ကြောင်း၊ ထို့အတူ ၂၀၀၄ ခုနှစ် မတ်လ ၄ ရ က်တွင် ရွှေပြည်သစ် လူငယ်များ ပြုစု ပျိုးထောင်ရေးဌာနအား ဖွင့်လှစ်ခဲ့ပြန်ရာ အဆိုပါ ဌာန သုံးခုအား တစ်ပြေးညီ ဖြစ်စေရေးအတွက် ၂၀၁၄ သြဂုတ် ၈ ရက်တွင် လူငယ်များ ပြုစု ပျိုးထောင်ရေး စခန်းအဖြစ် အမည်ပြောင်းလဲခဲ့ကြောင်း ဗိုလ်ချုပ် အောင်စိုးက ရှင်းပြခဲ့သည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်တွင် ၁၉၈၃ မှ ၂၀၀၅ ခုနှစ်အထိ သင်တန်း အပတ်စဉ် ၂၈ ခု ဖွင့်လှစ်ပြီး ၂၀၀၅ မှ ယနေ့အထိ ပိတ်ထားခဲ့သော ရွှေပြည်အေး လူငယ်များ ပြုစုပျိုးထောင်ရေး စခန်းအား ပြန်လည် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ မရှိ ဟူသည့် ဖယ်ခုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးမောင်၏ အမေးကို ပြည်ထဲရေးဝန်ကြီးဌာနက ဖြေကြားရာတွင် ဗိုလ်ချုပ် အောင်စိုးက ထည့်သွင်း ရှင်းပြခဲ့ခြင်းဖြစ်သည်။

ဖွင့်လှစ်ခဲ့သည့် ၂၂ နှစ်အတွင်း သင်တန်းအပတ်စဉ် ၂၈ အထိ ဖွင့်လှစ်ကာ မူးယစ်ဆေးစွဲ လူနာ ၄၂၇ ဦးတို့အား ဆေးဖြတ် ကုသပေးနိုင်ခဲ့သည့် အဆိုပါ ရွှေပြည်အေး လူငယ် ပြုစု ပျိုးထောင်ရေး စခန်းအား ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် သင်တန်းသားများ မရရှိသဖြင့် မဖွင့်နိုင်ခြင်း ဖြစ်ကြောင်း၊ ထိုစခန်းကို ကယားပြည်နယ် လွိုင်ကော်မြို့သို့ပြောင်းရွှေ့ ဖွင့်လှစ်သွားမည်ဟုလည်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ပြောသည်။

သင်တန်းသား မရှိရသည့်အကြောင်းမှာ စခန်းသို့သွားလာရန် ဝေးလံခြင်း၊ လမ်းပန်း ဆက်သွယ်မှု ခက်ခဲခြင်း၊ ပြဌာန်းထားသည့် မူးယစ်ဆေးဝါး ဥပဒေအရ ဆေးသုံးစွဲသူ တစ်ဦးသည် ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်သည့် ဌာန၊ သို့မဟုတ် ဆေးကုဂေဟာတွင် မှတ်ပုံတင်ရန် ပျက်ကွက်လျှင် ဖြစ်စေ၊ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်လျှင်ဖြစ်စေ ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ် အထိ အရေးယူနိုင်သောကြောင့် ဆေးဖြတ် ကုသလိုသူတို့သည် အရေးယူခံရမည်ကို စိုးရိမ်ပြီး မလာရောက်ကြတော့သဖြင့် သင်တန်းသား နည်းရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲသူများအား ဆေးကုသပေးခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မူးယစ်ဆေးစွဲ ရောဂါကု ဌာန ကြီး ၂၆ ခု၊ ဌာနငယ် ၄၇ ခုတို့ဖြင့် ဆောင်ရွက်လျက် ရှိပြီး လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန အနေဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်လတ်၊ မြဝတီ၊ ကော့သောင်းတို့တွင် ပြန်လည် ထူထောင်ရေး စခန်းများ ဖွင့်လှစ်ထားရှိပြီး လောလောဆယ်တွင် နမ့်လတ်၊ မြဝတီ၊ ကော့သောင်း စခန်းများကို သင်တန်းသားမရှိသဖြင့် ပိတ်သိမ်းထားရှိရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.