Connect with us

Politics, Law & Military

တာချီလိတ်မြို့နယ် တွင် စိတ်ကြွဆေးပြား ထုတ်လုပ်သည့်စက်ရုံအား မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် တရားခံများအားတွေ့ရစဉ် (ဓာတ်ပုံ-- တာချီလိတ်မူးယစ်)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာတွင် စိတ်ကြွဆေးပြား ထုတ်လုပ်သည့်စက်ရုံ တစ်ရုံအား မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ၊မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ် မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၄-၈-၂၀၁၆ ရက်နေ့ တွင် စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံကျေးရွာရှိ စိုင်းဝမ်း ၏ နေအိမ်ခြံဝင်းအား မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း သတင်းအရ ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်စီးနင်းစဉ် ခြံပိုင်ရှင် စိုင်းဝမ်း နှင့်အတူ အိုက်တီ၊ အိုက်မွန်း တို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ရှာဖွေရာ ခြံဝင်းအနောက်ဘက်တွင် သီးသန့်ဆောက်လုပ်ထားသော အဆောက်အဦမြေအောက်ခန်းအတွင်းမှ မက်သာအက်ဖီတမင်း (အိုက်စ်) အဖြူရောင်ပုံဆောင်ခဲအလေးချိန် (၇.၆)ကီလိုခန့်၊ ဒေသတန်ဖိုး ကျပ်သန်းပေါင်း (၁၉၀)သန်းခန့်၊ WY စာတမ်းပါ လိမ္မော်ရောင်၊ နီညိုရောင်နှင့် အစိမ်းရောင် စိတ်ကြွဆေးပြားစုစုပေါင်း (၆၄၂၉၀)ပြား၊ အလေးချိန် (၆.၄၂၉)ကီလိုခန့်၊ ဒေသတန်ဖိုး ကျပ်သန်းပေါင်း (၉၆.၄၃၅)သန်းခန့်၊ ပန်းရောင်နှင့် နီညိုရောင်စိတ်ကြွဆေးပြားအကျိုးအကြေအလေးချိန် (ဝ.၇၅)ကီလို၊ ဒေသတန်ဖိုး ကျပ်သန်းပေါင်း(၁၁.၂၅)သန်းခန့်၊ စိတ်ကြွဆေးပြားရိုက်နှိပ်ရန် အသင့်ရောစပ်ထားသော ပန်းရောင် စိတ်ကြွဆေးမှုန့်အလေးချိန် (၄၀)ကီလိုခန့်၊ ဒေသတန်ဖိုး ကျပ်သန်းပေါင်း (၆၀၀)သန်းခန့်၊ ကဖင်းအဖြူရောင်အမှုန့်အလေးချိန် (၆၈)ကီလိုခန့် ဒေသတန်ဖိုး ကျပ်သန်းပေါင်း (၅.၄၄)သန်း၊ အဖြူရောင်အနံ့မှုန့်အလေးချိန် (၁.၄)ကီလို၊ ကော်မှုန့် (၄.၀၅)ကီလို၊ အနံ့ဆေးရည် (၄)လီတာ၊ အရောင်ဆိုးဆေးမှုန့်အိတ်ငယ် (၂၀၀)ထုပ်၊ စိတ်ကြွဆေးပြား ထည့်သည့် ပလပ်စတစ်ကပ်ခွာအိတ်ခွံ (၃၁၀၀၀)အိတ်၊ လျှပ်စစ်မော်တာတပ်လျက် စိတ်ကြွဆေးပြားရိုက်စက် (၁)စုံ၊ တန်ဖိုး ကျပ်သန်းပေါင်း (၁၀.၂)သန်းခန့်၊ စိတ်ကြွဆေးပြားရိုက်စက်(မကောင်း) (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ စိတ်ကြွဆေးမှုန့်ရောမွှေသည့် စက်(၁)လုံးနှင့် အခြားဆက်စပ်ပစ္စည်း (၁၅)မျိုး၊ တူမီးသေနတ် (၁)လက်နှင့် လေသေနတ်(၁)လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

သို့ဖြစ်၍ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ရိုက်စက်များ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်း မယ(ပ)၇၈/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၁၉(က)/၂၀(က)/၂၂(ခ)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)