Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင်း လုံခြုံရေးစနစ်ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေဟု ပြည်ထောင်စုဝန်ကြီးဆို

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအဓိကကျသဖြင့် လုံခြုံရေးကိုလည်းအထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးစနစ်ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီ ပဉ္စမအကြိမ် အစည်းအ‌ဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင်း လုံခြုံရေးစနစ်ကို Community Policing System ဖြင့်လည်းဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။လက်ရှိအခြေအနေအရ နှစ်ဖက်အသိုင်းအဝန်း နှစ်ခုရင်ဆိုင်နေရသည့် အခက်အခဲများကို အတတ်နိုင်ဆုံး၊ ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ တရားသောနည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ကျောက်ဖြူ၊ ပေါက်တော၊ ရမ်းဗြဲမြို့နယ်များတွင်လည်း ပြန်လည် နေရာချထားရေး အစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လိုအပ်ချက်များကိုလည်း ယခုထက် ပိုမိုဖြည့်ဆည်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သတင်းမီဒီယာ ကဏ္ဍကိုလည်းဦးစားပေး ဆောင်ရွက်ရန် လိုကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အကြံပြုချက်များနှင့် UEHRD ၏လုပ်ငန်းများ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါက ရခိုင်ပြည်နယ် သိသိသာသာ တိုးတက်ပြောင်းလဲ လာမည်ဟု ယုံကြည်ကြောင်း ကော်မတီပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီ ပဉ္စမအကြိမ် အစည်းအ‌ဝေးကို နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ(၃)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.