Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ထံမှ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းနိုင်သော အကြံဉာဏ်များ ရရှိနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုဖီအာနန်တို့ ယနေ့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်မည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ထံမှ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းနိုင်သော အကြံဉာဏ်များ ရရှိနိုင်မည်ဟု ယုံကြည်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။

အဆိုပါ ကော်မရှင်ထံမှ အကူအညီများရရှိပြီး ပြဿနာများကို အဖြေရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့် ထားကြောင်း၊ ရခိုင်ပြည်နယ်အခြေအနေများကို မျှမျှတတသုံးသပ်ချက်တစ်ခုအား မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ကိုဖီအာနန်နှင့် အဖွဲ့ဝင်များသည် အခက်အခဲများကို ပြေလည်ရန် ကူညီနိုင်မည်ဟု ယုံကြည်ပြီး ပြဿနာများကို လျစ်လျူရှုထားလျှင် အခြေအနေ ဆိုးသည်ထက် ဆိုးသွားနိုင်သဖြင့် ပြဿနာများကို လျစ်လျူရှုထားမည်မဟုတ်ကြောင်း ၎င်းကပြောသည်။
ရခိုင်ပြည်နယ်အရေး၌ ကော်မရှင်အနေဖြင့် သတိထားဆောင်ရွက်ရမည်ဖြစ်ပြီး ဖြေရှင်းရခက်သော တာဝန်တစ်ခုလည်းဖြစ်ကြောင်း၊ ရခိုင်ပြည်သူများ အားလုံး အနာဂတ်တွင် ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှု အား ဦးတည်သော လမ်းကြောင်းကို အတူတကွ မျှဝေခံစားနိုင်ရန် ယုံကြည်ကြောင်း ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုဖီအာနန်တို့ ယနေ့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံထားရသည့် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့သည် ယနေ့ နံနက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ တွေ့ဆုံဆွေးနွေး ကြသည်။
ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်သည် စက်တင်ဘာ ၆ ရက် နှင့် ၇ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။
ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့တွင် ပြည်တွင်းမှပုဂ္ဂိုလ် ၆ ဦးနှင့်ပြည်ပမှ ၃ ဦး စုစုပေါင်း ၉ ဦးဖြင့် ဖွဲ့စည်းထားပြီး အကြံပေးကော်မရှင်၏အဖွဲ့ဝင်များ အဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးဝင်းမြ ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒေါက်တာသာလှရွှေ ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ အထူးအအကြံပေးပုဂ္ဂိုလ် (၂ဝဝ၃-၂ဝဝ၆) မစ္စတာ ဂါဆန်ဆလမ် ၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး (၂ဝ၁၂-၂ဝ၁၅) မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ် ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့(မြန်မာနိုင်ငံ) မှ ဦးအေးလွင် ၊ မြန်မာနိုင်ငံဆရာဝန်များအသင်းမှ ဒေါက်တာမြသီတာ ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးခင်မောင်လေး ၊ ရခိုင်အမျိုးသမီးများအသင်းမှ ဒေါ်စောခင်တင့် တို့ပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.