Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး တပ်၊ ရဲအင်အားများကို ယခင်ကထက် အင်အားပိုမို ဖြည့် တင်း ဆောင်ရွက်

ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ မောင်တောမြို့ရှိ ဒေသခံများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တည်ငြိမ်အေးချမ်းရေး အတွက် တပ်၊ ရဲအင်အားများကို ယခင်ကထက် အင်အားပိုမို ဖြည့် တင်းခြင်း ဆောင်ရွက်နေပြီး အင်အားတိုးဖြည့်တင်းရာတွင် ရဟတ်ယာဉ် များကိုပါ အသုံးပြုပြီး ရွှေ့ပြောင်းဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အောက်တိုဘာ ၁၂ ရက် မောင်တောမြို့ရှိ ဒေသခံများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လက်နက်များ ပြန်လည်ရှာဖွေခြင်း၊ သိုဝှက်ထားသည့် လက်နက်များ ဖော်ထုတ် သိမ်းဆည်းခြင်း ဆောင်ရွက်နေကြောင်း၊ အကြမ်းဖက် စီးနင်းတိုက်ခိုက် သူများအား ဆက်လက်ဖမ်းဆီး ရမိကြောင်း၊ ကျီးကန်းပြင်တွင် အခြေပြုပြီး အလားတူ ထပ်မံမဖြစ်ပေါ်စေရန် လေ့လာ သုံးသပ် ပြုပြင်ဆောင် ရွက် နေကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့သည်။ထို့အတူ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မသွားစေရန် ကျေးရွာအဆင့်ထိ လမ်း ကြောင်း လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပြီး ဝန်ထမ်းများ၏ လုံခြုံရေးကို ဆောင်ရွက်ပေးထားကြောင်း၊ ဝေးလံသော ဒေသရှိ ဝန်ထမ်းများကို လုံခြုံရေးရှိသည့် နေရာသို့ စုစည်းထားကြောင်း၊ ရာသီဥတုကောင်းမွန်ပါက ၎င်းတို့အား ရဟတ်ယာဉ်များဖြင့် သယ်ယူရွှေ့ပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နယ်စပ် ရေးရာ ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး အတိုင်းအတာ တစ်ခုအထိ စားနပ်ရိက္ခာများ ထောက်ပံ့ပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ယခုအခါတွင် နယ်မြေအနှံ့ရှိ ဆရာ၊ ဆရာမများအား လုံခြုံသည့်နေရာတွင် စုစည်းထားပြီး ကယ်ဆယ် ရွှေ့ပြောင်းရေး အတွက် ဆောင်ရွက်နေကြောင်း ၊ မောင်တောဒေသတွင် ဆရာ၊ ဆရာမ ၂၈၈ ဦးရှိပြီး နေရပ်သို့ ပြန်သွားသည့် ဆရာ၊ ဆရာမ ၁၀၄ ဦးရှိကြောင်း ၊ ဆရာ၊ ဆရာမ များကိုသာမက ကျန်းမာရေး ဝန်ထမ်းများကို လုံခြုံ စိတ်ချရရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ပြည်ထောင်စု အစိုးရ အဖွဲ့သည် ပြည်သူများနှင့် အတူ ရှိပြီး အဆင့်လိုက် ရေတို၊ ရေလတ်၊ ရေရှည် စီမံချက်ဖြင့် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဦးသိန်းဆွေ နှင့် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့က တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)