Connect with us

Politics, Law & Military

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အထူးကြိုးပမ်း လုပ်ဆောင်နေဟု နိုင်ငံတော်သမ္မတဆို

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အားတွေ့ရစဉ်(ဓာတ်ပုံ-သမ္မတရုံးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အထူးကြိုးပမ်း လုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့ စက်တင်ဘာ ၁၅ ရက်နေ့က ပေးပို့ထားသော သဝဏ်လွှာတွင်ထည့်သွင်းပြောကြားထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပေါ်ရေးကို “ပြည်သူ နှင့်အတူ” ကြိုးပမ်းတည်ဆောက်လျက်ရှိပြီး တစ်ချိန်တည်းတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း အထူးဝါယမစိုက် ကြိုးပမ်း လုပ်ဆောင် နေချိန် ဖြစ်ကြောင်း၊ ပြည်သူများ ငြိမ်းချမ်းရေးလိုလားချက်ကို အခြေခံပြီး အင်အားစု အားလုံးသည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေးပေါ်ထွန်းလာမည်ဆိုပါက ဒီမိုကရေစီ ပြည့်ဝသည့် ပေါင်းစည်းညီညွတ်သော လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် သတ္တမအကြိမ် ရှိပြီဖြစ်ပြီး ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် သာယာ ဝပြောရေး စသည့်ပန်းတိုင်ကို တည်ဆောက်နေရချိန် ဖြစ်ကြောင်း ၎င်းကထည့်သွင်းပြောကြားထားသည်။

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်း အနားကြီး ကတစ်ဆင့် မိမိတို့ နိုင်ငံသား အားလုံး မျှော်မှန်းထားသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက် နိုင်ရန် အတွက် နိုင်ငံသားတစ်ဦးချင်းကလည်း “ပြည်သူများနှင့်အတူ” ဆိုသည့် ဒီမိုကရေစီ စိတ်ဓာတ် အင်အား များနှင့် တက်ကြွစွာ ပူးပေါင်းပါဝင် တည်ဆောက် သွားကြရန် အလေးအနက်တိုက်တွန်းကြောင်း သဝဏ်လွှာတွင်းထည့်သွင်းဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.