Connect with us

Politics, Law & Military

လိုင်စင်မဲ့ ဆိုင်ကယ်များ ဒေသပေါက်ဈေး ထက်ဝက် ဒဏ်ငွေ ဆောင်ရမည်

ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

လိုင်စင် ထုတ်ပေးသည့် စီမံချက်ကာလ (၁၇ – ၂ – ၁၄ မှ ၄ – ၇ – ၁၄) နောက်ပိုင်း ကျန်ရှိနေသည့် လိုင်စင်မဲ့ ဆိုင်ကယ်၊ သို့မဟုတ် တရားမဝင် ထပ်မံ ဝင်ရောက်လာသည့် ဆိုင်ကယ်များကို စိစစ် တွေ့ရှိပါက ဒေသပေါက်ဈေး၏ ၅၀ ရာနှုန်း၊ ၅၀ ရာနှုန်းထက် မလျော့သော ဒဏ်ငွေပေးဆောင်ခြင်း အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း သက်ဆိုင်ရာ နေပြည်တော် ကောင်စီ၊ တိုင်း ဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များက လိုက်နာ ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

ပြည် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စိုးစိုးကြည်က “လိုင်စင်မဲ့ ဆိုင်ကယ်များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက အချိန်ကာလတစ်ခု သတ်မှတ်၍ အခွန်ဆောင်စေပြီး လိုင်စင် ထုတ်ပေးရန် အစီအစဉ် ရှိ မရှိ နှင့် နယ်စပ်ဖြတ်ကျော်ပြီး နောက်ထပ်၀ င်လာမည့် လိုင်စင်မဲ့ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်နှင့် ကားများကို မည်သို့အရေးယူ ဆောင်ရွက် ပါမည် နည်း” ဟူသည့် မေးခွန်းကို ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ ခင်စိုးစိုးကြည်၏ မေးခွန်းတစ်ခုဖြစ်သည့် အချိန်ကာလတစ်ခု သတ်မှတ်၍ အခွန်ဆောင်စေပြီး လိုင်စင် ထုတ်ပေးရန် အစီအစဉ် ရှိ မရှိကိုမူ ပြည်ထောင်စု ဝန်ကြီးက ဖြေကြားခြင်းမရှိခဲ့ချေ။ သို့ရာတွင် နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် သွင်းလာသည့် ဆိုင်ကယ်များ၊ ကားများအတွက် မည်သို ့ဆောင်ရွက် နေသနည်း ဟူသည့် အမေးကို “တောလမ်းများ၊ နယ်စပ်ဒေသ ဝင်ပေါက်များမှ ထပ်မံ ဝင်ရောက်မလာဖို့ဌာနစုံ ပူးပေါင်းအဖွဲ့များ၊ လုံခြုံရေး တပ်ဖွဲ့များ ဖွဲ့စည်း တာဝန်ပေးပြီး တင်းကျပ်စွာ တားမြစ် ပိတ်ဆို့တာ၊ ဥပဒေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက် ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏများ ချမှတ် အရေးယူတာတွေ စနစ်တကျ စီမံ ဆောင်ရွက်သွားပါမယ်” ဟု ပြန်ဖြေခဲ့သည်။
လိုင်စင်မဲ့ ဆိုင်ကယ်များအား ကာလတစ်ခု သတ်မှတ်ပြီး လိုင်စင် ထုတ်ပေးခြင်းကို ၁,၉၉၉ ခုနှစ်မှ ၂,၀၁၄ ခုနှစ် အတွင်း ကိုးကြိမ် ဆောင်ရွက်ပေးခဲ့ရာ ပထမအကြိမ်တွင် ၆,၄၄၀ စီး၊ ဒုတိယအကြိမ်တွင် ၁၇,၀၂၄ စီး၊ တတိယ အကြိမ်တွင် ၁၂၈ စီး၊ စတုတ္ထအကြိမ်တွင် ၄၆၅,၇၈၃ စီး၊ ပဉ္စမအကြိမ်တွင် ၉၃၃,၉၁၅ စီး၊ ဆဌမအကြိမ်တွင် ၂၄၀,၈၁၅ စီး၊ သတ္တမအကြိမ်တွင် ၉၄၉ စီး၊ အဌမအကြိမ်တွင် ၁,၁၆၈,၂၅၅ စီးနှင့် နဝမ အကြိမ်တွင် ၄၅၁,၆၀၈ စီး — စုစုပေါင်း ၃,၂၈၄,၉၁၇ စီး ရှိသွားကြောင်းလည်း ဝန်ကြီးက တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.