Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ (DPN) တို့ ချင်းမိုင်တွင် တွေ့ဆုံ ဆွေးနွေး

၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် နေပြည်တော်၌ ဆွေးနွေးသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမနေ့ ဆွေးနွေးပွဲ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂) ဥက္ကဋ္ဌနှင့် စေ့စပ် ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့ နှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်သည့် DPN (နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေက “ ကျွန်တော်တို့ တွေ့ဆုံတဲ့အခါ ကော်မတီ ဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ပြောပြပေးတယ်။ ကျွန်တော်တို့ ကော်မတီရဲ့ လက်ရှိတာဝန်နဲ့ သဘောထားတွေကို တင်ပြတယ်။ တိုင်းရင်းသားတွေ ဘက်ကလည်း ဒေါ်စုကို ယုံကြည်ကြောင်း ၊ အပြောင်းအလဲ တစ်ခုမှာ အခွင့်အရေး တစ်ခုလို့ မြင်တဲ့ အကြောင်း ဆွေးနွေးကြပါတယ်’’ ဟု ဆင်ဟွာကို ပြောသည်။
ဒေါက်တာ တင်မျိုးဝင်းဘက်မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးသည့် အထဲတွင် မပါဝင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မူဘောင်တစ်ခု ချပြီးလုပ်ဆောင်ရင် ကောင်းမည်လားဟု ဆွေးနွေးသည့် အပေါ် DPN အနေဖြင့် စိတ်ဝင်စားမှု ရှိကြောင်း ဦးလှမောင်ရွှေက ဆိုသည်။
စေ့စပ် ညှိနှိုင်းရေးမှူး ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် လာမည့် ရက်ပိုင်းတွင်လည်း ဝ တပ်ဖွဲ့ (UWSA) ၊ မိုင်းလား တပ်ဖွဲ့ (NDAA) တို့နှင့် တွေ့ဆုံရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဦးလှမောင်ရွှေက “ ကျွန်တော်အနေနဲ့ ပြောရမယ်ဆိုရင် သမ္မတဦးသိန်းစိန် လက်ထက် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာရော၊ သမ္မတ ဦးထင်ကျော် လက်ထက် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာရော ပါခဲ့တဲ့ အတွက် ဒီနေ့ ဆွေးနွေးပွဲက ကောင်းတယ်လို့ မြင်ပါတယ်။ သီအိုရီအရ ပြောရမယ်ဆိုရင် အပြောင်းအလဲတိုင်းမှာ အခွင့်အရေး ရှိပါတယ်။ နှစ်ဖက်စလုံးက အသုံးချနိုင်ရင် ငြိမ်းချမ်းရေး အတွက် နောက်တဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်’’ ဟု ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ရောက်ရှိနေကြသည့် အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ့တပ်မတော် နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် တအာင်းတပ်ဖွဲ့ (TNLA)၊ ရက္ခိုင့်တပ်ဖွဲ့ (ULA) နှင့် ကိုးကန့် တပ်ဖွဲ့ (MNDAA) အဖွဲ့ ၃ ဖွဲ့နှင့် တွေ့ဆုံနိုင်ရန်အတွက် အချိန်၊ နေရာ ညှိနှိုင်းနေကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။
အစိုးရ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် အခုချင်းမိုင် ခရီးစဉ်တွင် နောက်လာမယ့် လအနည်းငယ်အတွင်း ကျင်းပရန် ရည်ရွယ်ထားသည့် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ” ၌ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထပ်မံ ပါဝင်လာရန် ရည်မှန်းချက် ထားကြောင်း သိရသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန်အတွက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation=DPN) ကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့သည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ၊ ချင်းအမျိုးသားတပ်ဦး ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် ၊ ကရင် အမျိုးသား အစည်းအရုံး ၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/SSA-S) စသည့် လက်နက်ကိုင် ၈ ဖွဲ့သည် NCA အား လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.