Connect with us

Politics, Law & Military

လူငယ်ဆိုင်ရာ မူဝါဒကို စတင်ဖြန့်ချိ ခြင်း အခမ်းအနားကျင်းပ

လူငယ်ရေးရာ မူဝါဒ မိတ်ဆက် ဖြန့် ချိခြင်း အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံ အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

ယနေ့ စတင် မိတ်ဆက် ဖြန့်ချိလိုက်သည့် လူငယ်ဖွ ံ့ဖြိုးရေး ဆိုင်ရာ ကဏ္ဍများ ပါဝင်သည့် လူငယ် ဆိုင်ရာ မူဝါဒများကို လက်တွေ့ အကောင် အထည်ဖော်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“မူဝါဒတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့က အရေးကြီးပါတယ်၊ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစား၊ အလုပ်အကိုင် အခွင့်အလမ်း၊ ကျား/ မ ရေးရာ၊ မူးယစ်ဆေးဝါး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး အစရှိတဲ့ လူငယ်ဖွံ့ဖြိုးရေး ဆိုင်ရာ ကဏ္ဍတွေကို လက်တွေ့ အကောင် အထည်ဖော်ကြဖို့ အလေးအနက် မှာကြားလိုပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့နံနက် ပြုလုပ်သည့် လူငယ်ရေးရာ မူဝါဒ မိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနား၌ ၎င်း က ပြောကြားခဲ့သည်။

လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်က “ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနဲ့ အားကစား ကဏ္ဍတွေမှာ ကျေးလက်နဲ့ မြို့ပြ ကွာဟမှု မရှိစေရေး၊ အခြေခံပညာရေးကို လူငယ်တိုင်း လက်လှမ်းမီ ရရှိစေရေး၊ လက်တွေ့ လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် နည်းပညာနဲ့ သက်မွေးပညာများ တစ်ပြေးညီ သင်ယူနိုင်ရေး၊ ကျောင်းထွက်နှုန်း လျှော့ချရေး လုပ်ငန်းစဉ်တွေကို ဦးစားပေး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

“လူငယ်တွေရဲ့ အသက်အရွယ် အရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးဖို့၊ လိုအပ်တဲ့ ကျွမ်းကျင်မှုဆိုင်ရာ သတင်းအချက်အလက်တွေကို လူငယ်တွေ လက်လှမ်းမီ ရရှိလာစေဖို့ ဆောင်ရွက်ပေးရပါမယ်” ဟုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့သည်။

လူငယ်ရေးရာ မူဝါဒ စာအုပ်အား နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်ထောင်စု ဝန်ကြီးများကို လွှဲပြောင်း ပေးအပ်စဉ် (ဆင်ဟွာ)

လူငယ်ရေးရာ မူဝါဒ မိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

လူငယ်ရေးရာ မူဝါဒ မိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

လူငယ်ရေးရာ မူဝါဒ မိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ထို့အပြင် လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုး မဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထူးခြားသည့် အင်အားစု တစ်ရပ်လည်း ဖြစ်ကြောင်း၊ အနာဂတ် နိုင်ငံတော်ကို ထုဆစ် မွမ်းမံပေးမည့် အနာဂတ် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်း တာဝန်ယူရမည့် အနာဂတ် ခေါင်းဆောင်ဖြစ်သကဲ့သို့ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်သူများလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသည့် ဗလ ငါးတန် ဘက်စုံ ဖွံ့ဖြိုးသော လူငယ်များ ဖြစ်လာစေရန် ကလေး ငယ် ဘ၀ ကစပြီး စနစ်တကျ လေ့ကျင့် ပျိုးထောင်ပေးဖို့ လိုအပ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ လူငယ်ရေးရာ မူဝါဒ ပေါ်ပေါက်လာရေးကို အစိုးရသစ်၏ ပထမ ရက် ၁၀၀ စီမံစဉ်ကတည်းက လမ်းညွှန်ခဲ့ခြင်း ဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသ ကြီး/ ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ၊ ဆက်စပ် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ UN Agencies များနှင့် ပူးပေါင်းကာ အချိန် တစ်နှစ်ခွဲကျော်ကြာ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူငယ်ရေးရာ မူဝါဒ ရေးဆွဲရေးဆိုင်ရာ ကော်မတီ သုံးရပ်၏ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ် ကိုယ်စားလှယ်များ၊ လူငယ်ရေးရာ မူဝါဒ အကြံပေး ပုဂ္ဂိုလ်နှင့်တကွ UNFPA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လူငယ်ရေးရာ မူဝါဒ စာအုပ်အား မိတ်ဆက် ဖြန့်ချိခြင်း၊ ၎င်းမူဝါဒ ရေးဆွဲရေး ဆိုင်ရာ မှတ်တမ်းတင် ဗီဒီယို ပြသခြင်းများ ဆောင်ရွက်ခဲ့ကြသည် (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.