Connect with us

Politics, Law & Military

လွှတ်တော် နားရက်၌ လုပ်ငန်းများ ကြိုတင်စီမံပြီး အကျိုးရှိရှိ အသုံးပြုရန် မှာကြား

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေးသည် ယနေ့ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး (၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေး မစတင်မီ လွှတ်တော် နားရက် များအတွင်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအတွက် ကြိုတင် စီမံပြီး အကျိုးရှိရှိ အသုံးပြုနိုင် ဖို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ယနေ့ ပြောကြားခဲ့သည်။

“လွှတ်တော်ဆိုင်ရာ လုပ်ငန်းများမှာ လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်း များရဲ့ စီမံခန့်ခွဲမှုကို အထောက်အကူ ဖြစ်စေမယ့် ၂၀၂၀ ခုနှစ်အတွက် လွှတ်တော် ပုံမှန် အစည်း အဝေးများ ကျင်းပပြုလုပ်ရန် ရက်ကာလ လျာထားချက်ကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်၊ အဲဒီလျာထားချက်အပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးချင်း ဖြစ်စေ အစုအဖွဲ့လိုက် ဖြစ်စေ လုပ်ဆောင်မှု ရှိသည့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအတွက် ကြိုတင် စီမံပြီး အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ မျှော်လင့်ပါတယ်။ အလားတူ လွှတ်တော် ပူးပေါင်း ကော်မတီများ အနေနဲ့လည်း ဆက်လက် လုပ်ဆောင်ကြရမည့် လုပ်ငန်းစဉ် များကို ဦးစားပေးအလိုက် စနစ်တကျနဲ့ အောင်မြင် ပြီးစီးအောင် စီမံ ပြင်ဆင်ကြဖို့မှာကြားလိုပါတယ်” ဟုလည်း နာယက က ပြောခဲ့သည်။

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပြန်လည် စတင်မည် ဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်များအတွက် အစည်းအဝေးနားရက် ၃၇ ရက် ရရှိမည်ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး ရှင်းလင်း တင်ပြနေစဉ်။

ပြည်ထောင်စု လွှတ်တော် နာယက က၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ခွင့် အဆိုပြုချက်များကို ယနေ့အထိ ၄၉ မြို့နယ်သာ ရောက်ရှိသဖြင့် ကျန်ရှိသော မြို့နယ်များ အချိန်မီ ပေးပို့ကြဖို့ မှာကြားလိုကြောင်း၊  ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အဖြစ် တည်ဆောက်နိုင်ဖို့ ကြိုးစား ဆောင်ရွက်နေကြသည့် ယခုကာလတွင် လွှတ်တော် ကိုယ်စားလှယ် များ အားလုံး နိုင်ငံတော် နှင့် နိုင်ငံသားအကျိုးစီးပွားအတွက် မှန်ကန်သည့် စေတနာဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ကြ ပါစေ၊ ပြည်သူများအတွက် အမြဲတမ်း တာဝန်ရှိသည့် ပြည်သူ့ ကိုယ်စားလှယ် များ ဖြစ်သည်နှင့်အညီ ပြည့်စုံခိုင်မာသည့် ဥပဒေများ ထွက်ပေါ်လာရေး၊ ပြည်သူများ၏ လူမှု စီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ရေး နှင့် နယ်မြေ ဒေသအလိုက် အခြေခံ လိုအပ်ချက်များ ပိုမို တိုးတက် ကောင်း မွန်လာစေရေးတို့ အတွက် ကြိုးစား ဆောင်ရွက်ပေးနိုင်ကြပါစေ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်များ အားလုံး ၂၀၂၀ နှစ်သစ်မှာ ကျန်းမာရွှင်လန်းစွာဖြင့် ပြန်လည် တွေ့ဆုံ နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ဆက်လိုက်ပါသည်ဟုလည်း ပြောကြားခဲ့သည်။

(၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြီးမြောက်သည့် နေ့၌ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကြမ်းအား ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကြမ်းအား ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် တိုင်းဒေသကြီး ၊ သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကြမ်းအား ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တို့ကို အတည်ပြု မှတ်တမ်းတင်ခြင်း၊ သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကြမ်းအား အတည်ပြုခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေကြမ်း၊ အမျိုးသား မှတ်တမ်းနှင့် မော်ကွန်း ဥပဒေကြမ်း တို့ကို တစ်ပိုဒ်ချင်းစီ အလိုက် ဆွေးနွေး အတည်ပြုခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.