Connect with us

Politics, Law & Military

လွှတ်တော် လုပ်ငန်းများ ပီပြင်စွာ ဆောင်ရွက်ရေး တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌ များ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံ ဆွေးနွေး

တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခုမှ လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌ များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓာတ်ပုံ- National League for Democracy)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

လွှတ်တော် လုပ်ငန်းများ ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရေး အပါအဝင် အစိုးရအဖွဲ့အစည်းများ နှင့် ညှိနှိုင်း ဆောင်ရွက်ရေး တို့ကို တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခုမှ လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌ များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ယနေ့ဖေဖော်ဝါရီ ၂၂ ရက်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ကော်မတီဆောင် I-12 ၌ တွေ့ဆုံစဉ် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက “လွှတ်တော် လုပ်ငန်း ပီပီပြင်ပြင် ဆောင်ရွက်ဖို့အတွက်ပါ။နောက်ပြီးတော့ ပါတီ စည်းမျဉ်းစည်းကမ်းနဲ့အညီ အလုပ်လုပ်ကြဖို့လည်း သတိပေးပါတယ်။အဓိကတော့ စည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်ပြီးတော့ စနစ်တကျ လုပ်ကြဖို့ပါ။

တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခုမှ လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌ များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓာတ်ပုံ-National League for Democracy)

အခု တာဝန် ထမ်းဆောင်တဲ့ အခါမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ဆောင်သွားကြဖို့ပါ။နောက်ပြီးလဲ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ လွှတ်တော် အဆောက်အအုံတွေ ဆောက်နေတဲ့ ကိစ္စတွေ ဆွေးနွေးကြပါတယ်။

ပါတီကိုယ်စားလှယ်နဲ့ပတ်သက်ပြီးတော့လည်း ပြည်သူ့အတွက် ဆောင်ရွက်တဲ့ နေရာမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ဖို့လမ်းညွှန်ပေးပါတယ်။ အစိုးရအလွှဲအပြောင်းမလုပ်ရသေးတဲ့အတွက်ကြောင့် လွှတ်တော် အနေနဲ့အစိုးရ အဖွဲ့အစည်းနဲ့ညှိနှိုင်းဆောင်ရွက်သွားဖို့အကြောင်းလည်း ဆွေးနွေးခဲ့ပါတယ်။

အဓိကတော့ လွတ်တော်ဥက္ကဋ္ဌ အသစ်တွေကို လွတ်တော် ရေးရာနဲ့ပတ်သက်ပြီး ပီပီပြင်ပြင် လုပ်ဖို့အတွက် ၊ ဥပဒေ ပြုစုရာမှာ ပြည်သူကို တကယ် အကျိုးပြုစေသော ဥပဒေ ပြုစုဖို့ဥပဒေပိုင်း ဆိုင်ရာများ နားလည်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။”ဟု ယနေ့တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍ ဆင်ဟွာသို့ပြောကြားသည်။

ထိုသို့တွေ့ဆုံခဲ့ရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်၊ ဦးဝင်းထိန် တို့အပါအဝင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး တို့မှလွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။ (Xinhua)