Connect with us

Politics, Law & Military

သံထည်ဟောင်းများ ပြည်ပသို့တင်ပို့မှုအပေါ် ကုန်သွယ်ခွန် ကောက်ခံရရှိမှု မရှိ

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း အမျိုးသားလွှတ်တော်သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

သံနှင့် သံမဏိ ကျိုချက်ရာတွင် အဓိကကုန်ကြမ်း အဖြစ် ထည့်သွင်းရသော သံတို သံစ၊ သံထည် ဟောင်း (scrap) များ ပြည်ပသို့ တင်ပို့ခြင်းအတွက် ကုန်သွယ်ခွန် ကောက်ခံ ရရှိမှု မရှိပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၇ (က) နှင့် (ခ) ပါ ပြဌာန်းချက်များအရ သံတို သံစ သံထည်ဟောင်းများ ပြည်ပသို့ တင်ပို့ ရောင်းချခြင်းအတွက် ရောင်းငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် သုည ရာခိုင်နှုန်းသာ ကျသင့်မည်ဖြစ်သောကြောင့် ကုန်သွယ်ခွန် ကောက်ခံ ရရှိမှု မရှိပါကြောင်း တင်ပြအပ်ပါတယ်” ဟု ၎င်းက ကရင်ပြည်နယ် လှိုင်းဘွဲ့ မဲဆန္ဒနယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောမိုးမြင့်(ခ) ဦးဆင်မြူရယ်၏ အမေးကို ဖြေကြားရာတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပို့ကုန် သွင်းကုန် လိုင်စင်များကို လုပ်ထုံး လုပ်နည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ခွင့်ပြု ပေးလျက်ရှိရာ သံတို သံစ၊ သံထည် ဟောင်း (scrap) များ တင်ပို့ခြင်းအတွက် ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်တွင် လိုင်စင် နှစ်စောင် သံတန်ချိန် ၂,၅၄၀ တန် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၉ သန်းဖိုး)၊ ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တွင် လိုင်စင် တစ်စောင်၊ တန်ချိန် သုံးသောင်း(အမေရိကန် ဒေါ်လာ ၉ ဒသမ ၉ သန်းဖိုး)၊ ၂၀၁၈ သြဂုတ် ၂၃ ရက်တွင် လိုင်စင် ငါးစောင်၊ တန်ချိန် ၂၁,၀၀၀ တန် (အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၂ သန်းဖိုး)တို့ကို ခွင့်ပြု ထုတ်ပေးခဲ့ကြောင်း၊ မြဝတီ ကုန်သွယ်ရေးဇုန်ကို ရှောင်ကွင်းပြီး ပြည်ပသို့ တရားမဝင် တင်ပို့နေသည့် သံတို သံစ သံထည်ဟောင်းများအား ပြည်နယ် အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တားဆီး ထိန်းချုပ်နိုင်ရန် စီမံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.