Connect with us

Politics, Law & Military

သြင်္ကန်ကာလ အဝေးပြေးယာဉ်များ ယာဉ်စီးခ တိုးမည် မဟုတ်

နေပြည်တော် မြို့ မဈေး အဝေးပြေးကားဂိတ်တွင် အဝေးပြေးကားအချို့ ကို တွေ့ ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၂ ရက် (ဆင်ဟွာ)

နှစ်စဉ် သြင်္ကန်အကြိုကာလနှင့် သြင်္ကန်ကာလအတွင်း အဝေးပြေးယာဉ်စီးခ နှုန်းထားများ တိုးမြင့်မှု ရှိခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်ဈေးနှုန်းများအတိုင်း ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း၊ နေပြည်တော်မှ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များသို့သွားလာကြမည့်သူများ အဆင်ပြေရန် ကားစီးရေ တိုးမြှင့်ထားရှိမည်ဖြစ်ကြောင်း၊ နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေက ဆင်ဟွာကို ဖြေကြားသည်။

“သြင်္ကန်ပွဲတော်အကြိုရက်တွေနဲ့ပွဲတော်ကာလမှာပါ ပုံမှန်အတိုင်း၊ သတ်မှတ် ခရီးစဉ် သတ်မှတ် ယာဉ်စီးခအတိုင်း မောင်းကြဖို့၊ သတ်မှတ်ယာဉ်စီးခထက် တိုးယူရင် အရေးယူမယ်လို့ စီစဉ်ထား ပါတယ်၊ အဝေးပြေးယာဉ်တွေနဲ့ပတ်သက်ပြီး အဆင်မပြေတာ ရှိခဲ့ရင် ခရီးသည်တွေအနေနဲ့ ၀၆၇ ၂၆၀၁၄၊ ၀၆၇၂၆၂၈၇၊ ၀၆၇၂၆၂၉၈ နဲ့ ၀၆၇ ၂၆၄၇၈ ကို အကြံပြုနိုင်၊ တိုင်ကြားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

နေပြည်တော် ဘောဂသီရိ အဝေးပြေး ယာဉ်ဂိတ်တွင် နေပြည်တော် အခြေစိုက် ယာဉ်လိုင်း ၂၃ လိုင်း၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေစိုက် ယာဉ်လိုင်း ၇၀ လိုင်းတို့ပါဝင်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့၄၃ မြို့တို့သို့ အဝေးပြေး ယာဉ် ၂၇၀ စီးခန့် ဖြင့် ပုံမှန် ပြေးဆွဲနေလျက်ရှိကြောင်း၊ နေ့စဉ် ခရီးသည်ပေါင်း ၄၆၀၀ ဦးမှ ၆၀၀၀ (ခြောက်ထောင်) ဦးခန့်အထိ အသွားအလာ ရှိကြောင်း၊ နေပြည်တော်မှ ရန်ုကုန်သို့ ၇၅ စီး၊ မန္တလေးသို့ ၃၅ စီး နေ့စဉ် ပုံမှန် ပြေးဆွဲနေမှုကို သြင်္ကန်ကာလတွင် ရန်ကုန်သို့ယာဉ်အစီး ၁၀၀၊ မန္တလေးသို့ ၅၀ စီးအထိ တိုးမြှင့် ပြေးဆွဲပေးရန် စီစဉ်ထားကြောင်းလည်း နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌက ရှင်းပြခဲ့သည်။

“အဝေးပြေးယာဉ်စီးတဲ့ ခရီးသည်ဦးရေကတော့ မနှစ်ကနဲ့ယှဉ်ရင် သုံးပုံ တစ်ပုံလောက် လျော့နည်းသွားပါတယ်၊ တစ်နှစ်လုံး ပျမ်းမျှကို ပြောတာပါ၊ ခရီးသည်များတဲ့ သောကြာနေ့တွေကို ယှဉ်ကြည့်ရင် မနှစ်က သောကြာညနေ့တွေမှာ နေပြည်တော် – ရန်ကုန်ခရီးကို တစ်ရက်ကို လေးထောင်ဝန်းကျင် ရှိခဲ့ပြီး ဒီနှစ်မှာ သုံးထောင်တောင် မပြည့်တော့ဘူး၊ ဒီလို ခရီးသည် လျော့နည်း လာရတာက ရထားတွေ ဝန်ဆောင်မှု ကောင်းလာလို့ရထားနဲ့သွားသူတွေရှိသလို၊ ကိုယ်ပိုင်ကားနဲ့ သွားသူတွေ ပိုများလာတာကြောင့်လည်း ပါပါတယ်၊ သေချာတာကတော့ ဒီနှစ် သြင်္ကန်အကြိုရက်တွေမှာ မနှစ်ကလောက် ခရီးသည် မများနိုင်ပါဘူး၊ ယာဉ်စီးရေတွေလည်း တိုးထားတဲ့ အတွက် အားလုံး အဆင်ပြေမယ်လို့ယုံကြည်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.