Connect with us

Politics, Law & Military

အကျဉ်းထောင်များတွင် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းပေးသင့်ကြောင်း တင်ပြ

ရန်ကုန်မြို့ ရှိအကျဉ်းဦးစီးဌာနအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့် အလုပ်စခန်းအများစုတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေသဖြင့် ဖြည့်ဆည်းပေးသင့်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ပြည် ထောင်စု လွှတ်တော်သို့ ယနေ့တင်ပြသည့် ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြခဲ့ သည်။

“အကျဉ်းထောင်နဲ့အလုပ်စခန်းအများစုမှာ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေပါတယ်၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနအနေနဲ့ အကျဉ်းဦးစီးဌာနရဲ့ အခက်အခဲတွေကို ပူးပေါင်း ဖြေရှင်းပေးသင့်ပါတယ်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌဦးစစ်မြိုင်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အကျဉ်းထောင်နှင့် အလုပ်စခန်းများအား ဖြည့်ဆည်းပေးသင့်သည်ဟု ကော်မရှင်က အကြံပြုချက် များတွင် ပစ္စည်းများ ရှာဖွေရာ၌ ဂုဏ်သိက္ခာ မထိခိုက်စေရန် X-Ray စက်များ၊ သတ္တုရှာ ကိရိယာများ တပ်ဆင်ပေးခြင်း၊ အနံ့ခံခွေးများ အသုံးပြုခြင်းများ ဆောင်ရွက်သင့်ကြောင်း၊ အရေးပေါ် အခြေအနေ တွင် အကျဉ်းသားလူနာများ ဆေးရုံ အချိန်မီ ပို့နိုင်ရန် ဗဟို အကျဉ်းထောင် သုံးခု၌ လူနာတင်ယာဉ် များ ဝယ်ပေးသင့်ကြောင်း၊ အကျဉ်းထောင်အချို့တွင် သောက်ရေ မလုံလောက်သဖြင့် ရေသန့်စက် များ တပ်ဆင်ရန် ဘဏ္ဍာငွေ ခွင့်ပြုပေးသင့်ကြောင်း၊ အကျဉ်းထောင်၊ အကျဉ်းစခန်း အချို့တွင် လျှပ်စစ်မီး ပျက်ချိန်၌ လုံခြုံရေး အပါအဝင် အုပ်ချုပ်ရေး ကိစ္စများ ဆောင်ရွက်ရန် ခက်ခဲသဖြင့် မီးစက်များ ဝယ်ယူခွင့် ပြုသင့်ကြောင်း၊ အကျဉ်းထောင်ထဲတွင် အကျဉ်းသား မိခင်နှင့် အတူ နေထိုင်ရသည့် ကလေးသူငယ်များအား အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးပေးခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း၊ ၎င်းတို့၏ ဖွံ့ဖြိုး တိုးတက်မှု အခွင့်အရေး၊ ပညာသင်ယူမှု အခွင့်အရေး၊ အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ရေးများအတွက် နည်းလမ်းရှာ ဆောင်ရွက်ပေးသင့်ကြောင်း၊ စသည့် အချက်များလည်း ပါဝင်သည်။

ထို့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းများတွင် အင်အားဖြည့်တင်း ပေးသင့်ကြောင်း၊ အချုပ်သားများ၏ စားသောက်ရေးနှင့် သောက်သုံးရေအတွက် ခွင့်ပြုရန်ပုံငွေ မလုံလောက်သဖြင့် ဘဏ္ဍာရန်ပုံငွေ တိုးမြှင့်ပေးသင့်ကြောင်း၊ ပြစ်မှုဖြင့် စွပ်စွဲခံရသည့် ကလေးသူငယ် များအား သီးခြား ထိန်းသိမ်း စောင့်ရှောက်နိုင်သည့် နေရာများ ထားပေးသင့်ကြောင်း၊ ဆေးရုံ အချုပ်ခန်း မရှိသည့် ဆေးရုံများတွင် လူနာကို လက်ထိတ်၊ ခြေထိတ် ခတ်နေရသဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး သီးခြား အခန်းရရှိရေး ခွင့်ပြုရန်ပုံငွေ ချမှတ်ပေးသင့်ကြောင်း လူ့ အခွင့် အရေး ကော်မရှင်က အစီရင်ခံ တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.