Connect with us

Politics, Law & Military

အငြိမ်းစား ဝန်ထမ်းများ၏ တိုးမြှင့် ပင်စင်လစာများ လာမည့် ဇန်နဝါရီလတွင် စတင် ခံစားခွင့် ရရှိမည်

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့် သတ်မှတ်ခြင်း အမိန့် ကြော်ငြာစာအား တွေ့ ရစဉ်(ဓာတ်ပုံ-စီမံ/ဘဏ္ဍာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

အငြိမ်းစားဝန်ထမ်း များ၏ ပင်စင်လစာများအား တိုးမြှင့် သတ်မှတ်ပေးရန် အတည်ပြုဆုံးဖြတ်ခဲ့ပြီး တိုးမြှင့် သတ်မှတ် ပေးသည့် ပင်စင်လစာကို ၂ဝ၁၉ ခုနှစ် ၊ ဇန်နဝါရီလ ပင်စင်လစာမှ စတင်ကာ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ အမှတ်၊ ၁ဝ၁/၂ဝ၁၈ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရသည် တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းများအား လစာနှုန်းထားများ တိုးမြှင့်သတ်မှတ် ပေးခဲ့သည့် နည်းတူ အငြိမ်းစားဝန်ထမ်း များ၏ ပင်စင်လစာများအား တိုးမြှင့် သတ်မှတ်ပေးရန် ၂ဝ၁၈ ခုနှစ်၊ ဒီဇင် ဘာလ ၁၂ ရက်တွင် ကျင်းပပြုလုပ် သော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၂/၂ဝ၁၈)၌ အတည်ပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် သားများအပါအဝင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစား များ၏ စားဝတ်နေရေး သက်သာမှုရှိစေရန်အတွက် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာကို တိုးမြှင့် ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြ ပါရှိသည်။

အမိန့်ကြော်ငြာစာအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း နေထိုင်ကြသော ၁-၄-၂ဝ၁၈ ရက်နေ့မတိုင်မီ အငြိမ်းစားလစာ ခံစားလျက်ရှိသည့် ပင်စင်စားများ၏ ပင်စင်ခံစားခွင့်ကို လက်ရှိ တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့်ပင်စင်ခံစား ခွင့်အတိုင်း ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ပင်စင်လစာမှစ၍ တိုးမြှင့် ခံစား ခွင့်ပြု ကြောင်း သိရသည်။

တိုးမြှင့်ပင်စင်လစာအား ပင်စင် စား၏ အငြိမ်းစားယူခဲ့သော နောက်ဆုံး ရာထူးချိန်နှုန်းလစာနှင့် ကိုက်ညီသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၉-၄-၂ဝ၁၈ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်၊ ၃ဝ/၂ဝ၁၈ အရ သတ်မှတ် သော လစာနှုန်းများအပေါ်တွင် အခြေ ပြု၍ ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ နိုင်ငံရေးပင်စင်လစာ များကိုလည်း တိုးမြှင့်သတ်မှတ်ပေးခဲ့ ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.