Connect with us

Politics, Law & Military

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် သစ္စာရှိသူနှင့် အတွေ့အကြုံရှိသူများကို အဓိက ရွေးချယ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်ရွေးချယ်မှုနှင့် ပတ်သတ်ပြီး မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ-NLD)

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် သစ္စာရှိသူများနှင့် အတွေ့အကြုံရှိသူများကို အဓိက ရွေးချယ်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

” မြို့နယ်တွေနဲ့ ပြည်နယ်တိုင်းအဆင့်တွေကလည်း သဘောမတူတာတွေရှိတယ်။ ဒီတော့ ကျွန်မတို့ကနေပြီးတော့ ဗဟိုအနေနဲ့ ညှိပေးရပါတယ် ။ ကျွန်မတို့ ဒီလိုကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့နေရာမှာ ဘာကိုအ ဓိကထားလဲဆိုတော့ သစ္စာရှိမှုနဲ့ အတွေ့အကြုံရှိမှုကို အဓိကထားပါတ ယ်။ ဒါကျွန်မတို့အဖွဲ့ချုပ်ရဲ့ သမိုင်းအရ၊ ကျွန်မတို့အဖွဲ့ချုပ်ရဲ့ အ တွေ့အကြုံတွေအရ ဒါအရေးကြီးတယ်ဆိုတာကို သေသေချာချာသိရလို့ပါ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်သွားရန် ပြည်သူများ၏ အခွင့်အရေးများ၊ ပြ ည်သူများ၏ တာဝန်များ ခိုင်ခိုင်မာမာရှိနိုင်အောင် ရည်ရွယ်ကြောင်း၊ ထို့ကြောင့် ပထမဦးဆုံး ကျွန်မတို့၏့ယုံကြည်ချက်အပေါ်မှာ သစ္စာရှိမှုသည် အင်မတန်အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

” အဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဝင်ပြီးတော့အရွေးခံချင်တယ်ဆိုတဲ့ ရည် ရွယ်ချက်ဟာ ဘာအပေါ်မှာအခြေခံလဲဆိုတော့ အဖွဲ့ချုပ်အပေါ်မှာယုံကြည်မှုအ တိုင်းအတာ တစ်ခုထိရှိတယ်ဆိုတာကိုတော့ပြတာပါပဲ။ ဒါကြောင့်မို့လို့ အဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်အဖြစ်နဲ့ ဝင်ပြီးတော့အရွေးခံချင်တာပါ။

ဒီထဲမှာ သွေးသစ်တွေလည်းပါပါတယ်။ လူဟောင်းတွေလည်းပါပါတ ယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ရွေးချယ်မှုတွင် လူသစ်များကအနည်းစုပဲ ပါဝင်မှုကို  ကျေနပ်ချင်မှ ကျေနပ်ကြမည်ဖြစ်ပြီး သွေးသစ်များကို ဖိတ်ခေါ်ရာတွင်  ချင့်ချင့်ချိန်ချိန်နှင့် ဖိတ်ခေါ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကိုယ်မသိတဲ့လူတွေ၊ လူသစ်တွေဝင်လာတဲ့အခါကျရင် ဘယ်လောက်ထိ ကျွန်မတို့နဲ့အတူတူ ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာလဲဆင်ခြင်ရပါတယ်။ ဒါမဆင်ခြင်လို့မဖြစ်ပါဘူး။ ပါတီတစ်ခုဆိုတာ အလုပ်လုပ်တဲ့အခါမှာဆိုလို့ရှိရင် ညီညီညွတ်ညွတ်နဲ့လုပ်ဖို့ကအင်မတန်အရေးကြီးပါတယ်။ တစ်ယောက်တစ် ပေါက် လုပ်လို့မရပါဘူး။

တစ်ချို့ကျတော့အဖွဲ့ချုပ်ထဲကိုဝင်လာပြီးတော့ အဖွဲ့ချုပ်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဝင်လာပြီးတော့ကိုယ် လုပ်ချင်တာလုပ်မယ်ဆိုတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့ခဲ့ရပါတယ်။ ကိုယ့်လုပ်ချင်တာလုပ်မယ်ဆိုလို့ရှိရင် ပါတီဝင်စရာလည်းမလိုပါဘူး။ တစ်သီးပုဂ္ဂလအနေနဲ့ဝင်လို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ရွေးချယ်ထားသည့် ကိုယ်စားလှယ်များသည် အကောင်းဆုံးကြိုးစားပြီး အရွေးချယ်မခံခဲ့ရသည့် ကိုယ်စားလှယ်များကလည်း သိက္ခာကိုပြရန် အခွင့်အရေးကြီးဆိုသည့် အမြင်နှင့် သိက္ခာရှိရှိဖြင့် အဖွဲ့ချုပ်ကိုဆက်ပြီး ထောက်ခံ၊ ပံ့ပိုးကြရန်  မေတ္တာရပ်ခံချင်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။  (Xinhua)