Connect with us

Politics, Law & Military

၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ စတင်ကြည့်ရှုလျက်ရှိ

ရန်ကုန်မြို့တွင် မဲစာရင်းကြည့်ရှုနေသူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကို ယနေ့ဇူလိုင် ၂၅ ရက်တွင် စတင်ကြည့်ရှုနိုင်ပြီဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများကလည်း မဲစာရင်းများ လာရောက်ကြည့်ရှုနေကြပြီ ဖြစ်ကြောင်း သိရသည်။ 

မြောက်ဒဂုံတွင်နေထိုင်သူ ကိုအောင်ကျော်က “ကျွန်တော်မဲစာရင်းသွားကြည့်ပြီးပါပြီ။ ကျွန်တော်တို့ တစ်မိသားစုလုံးနာမည်ပါပါတယ်။ ရွေးကောက်ပွဲနေ့ မဲသွားပေးဖြစ်မှာပါ’’ ဟုဆင်ဟွာကိုပြောသည်။

မဲဆန္ဒရှင်ပြည်သူများ အနေဖြင့်ဇူလိုင် ၂၅ရက် မှ သြဂုတ် ၈ ရက်အထိ ၁၄ ရက်ကြာသက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ နှင့် ကျေးရွာအုပ်စု အတွင်းရှိကျေးရွာများ တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များ မှ မဲစာရင်းလာရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်း၊  မိမိအမည်မဲစာရင်းတွင်မပါပါက  ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့အားလိုအပ်ပါက ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ထုတ်ပြန်ထားသည်။

လိုအပ်သောပုံစံများကို လည်း ရပ်ကွက်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်း၊ ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ဆောင်ရွက်ပြီးပါက အထွေထွေ ရွေးကောက်ပွဲအတွက်  မဲဆန္ဒရှင်စာရင်း ကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ တွင် နောက်ဆုံးအကြိမ် အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူဦးရေမှာ အကြမ်းအားဖြင့် ၃၇ သန်းရှိကြောင်း၊ မဲဆန္ဒရှင်စာရင်းအတိအကျကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဇူလိုင် ၂၅ ရက်တွင်ပြောသည်။   

အထွေထွေရွေးကောက်ပွဲ အတွက်မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့်  အိမ်ထောင်စုတစ်ခုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက်လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံထားသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.