Connect with us

Politics, Law & Military

အလွဲသုံးစား ငွေကြေးပမာဏအား ပြန်လည်ပေးလျော်စေခြင်းမှာ အဂတိ လိုက်စားမှု လျှော့ချရေး အတွက် လုံလောက်မှု မရှိနိုင်ဟု ဆို

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်သန်းမြင့် ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ပြည်သူ့ဝန်ထမ်းများသည် နိုင်ငံ့ ဘဏ္ဍာကို အလွဲသုံးစား ပြုလုပ်ကြောင်း စစ်ဆေး ပေါ်ပေါက်လာပါက အလွဲသုံးစား ပြုလုပ်သော ငွေကြေးပမာဏအား ပြန်လည် ပေးလျော်စေခြင်းသည် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု မရှိဟု မဆိုနိုင်သော်လည်း အဂတိလိုက်စားမှုကို လျှော့ချနိုင် သည် ဟု ကောက်ယူရန် လုံလောက်မှု ရှိနိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်သန်းမြင့်က ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေး ၌ ပြောကြားခဲ့သည်။

“အဂတိ လိုက်စားမှုများကို လျှော့ချရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူ အပြစ်ပေးခြင်းအပြင် အဂတိ လိုက်စားမှု မဖြစ်ပေါ်မီ ကြိုတင် တားဆီး ကာကွယ်ခြင်း နည်းလမ်းများ ကို ကျင့်သုံးမှသာ အဂတိ လိုက်စားမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြား ခဲ့သည်။

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုး မေးမြန်းနေစဉ် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမထဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ကြွရောက်လာစဉ် (ဆင်ဟွာ)

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် နန်းမိုး ၏ ကြယ်ပွင့်ပြ မေးခွန်းကို ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ ဝန်ထမ်း များ နိုင်ငံ့ ဘဏ္ဍာ အလွဲသုံးစား ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံ့ ဝန်ထမ်း ဥပဒေ ပုဒ်မ ၁၀ ပါ တာဝန် များတွင် ပုဒ်မခွဲ (ဃ)၌ နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့် ဆုံးရှုံးမှု မရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေး အတွက် ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ကို ပြဌာန်းထားကြောင်း၊ ယင်း တာဝန် ပျက်ကွက်ပါက ဝန်ထမ်း စည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း များ နှင့်အညီ ဌာနဆိုင်ရာ နည်းလမ်းများအရ အရေးယူနိုင်သည်ဟု ပုဒ်မ ၃၈တွင် ပြဌာန်း ထား ကြောင်း၊ ပြစ်ဒဏ် ကိုးမျိုး ရှိသည့်အနက် ပြစ်ဒဏ် တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပိုသည့် ပြစ်ဒဏ်ကို ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ နိုင်ငံ့ ဘဏ္ဍာ အလွဲသုံးစား လုပ်သည့် ဝန်ထမ်းအပေါ် ဆုံးရှုံးမှု တန်ဖိုး ပေးလျော်စေခြင်းမှာ နိုင်ငံ့ ဘဏ္ဍာ မဆုံးရှုံးစေရေးအတွက် ပြန်လည် ရရှိအောင် ဆောင်ရွက် ခြင်း နှင့် နောင် အလားတူ ကိစ္စမျိုး မဖြစ်စေရန် တားဆီး ကာကွယ်ခြင်းလည်း ဖြစ်နိုင်ကြောင်းဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်က ရှင်းလင်း ဖြေကြားခဲ့သည်။

မန်တုံမြို့နယ် ပြည်သူ့ ဆေးရုံ၏ အသုံးစရိတ်အား အလွဲသုံးစား ပြုလုပ်မှုအပေါ် သက်ဆိုင်ရာ ဝန်ကြီး ဌာနက အဆိုပါ အလွဲသုံးစား ပြုသူအား ပြင်းထန်စွာ သတိပေးကြောင်းနှင့် အလွဲသုံးသော ငွေကြေးကို ပြန်လည် ပေးလျော်စေခြင်း တို့သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မူဝါဒနှင့် နှင့် ကိုက်ညီမှု ရှိ မရှိ ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမှန်တကယ် လျှော့ချစေနိုင်ခြင်း ရှိ မရှိဟူသည့် မေးခွန်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က မေးမြန်းခဲ့ခြင်းအပေါ် ၎င်းက ရှင်းလင်း ဖြေကြားခဲ့ခြင်း ဖြစ် သည်။ (Xinhua)