Connect with us

Politics, Law & Military

ဥပဒေပြုရေးတွင် အပြုသဘော ဆွေးနွေး တိုင်ပင်ကြရန် သမ္မတ တိုက်တွန်း

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ)

လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြု သဘောဖြင့် ဆွေးနွေးကြရန်၊ အပြုသဘောဖြင့် တိုင်ပင်ကြရန် လိုအပ်သည်ဟု  ဒုတိယ အကြိမ် လွှတ်တော်များ (၄)နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။

“ဥပဒေပြုတယ်ဆိုတာ လွယ်မယောင်နဲ့ ခက်သလို တိမ်မယောင်နဲ့ နက်ပါတယ်၊ ပုဒ်မ တစ်ခုချင်းဟာ ဥပဒေ တစ်ခုလုံးမှာ ပါတဲ့ အချက်အလက်တွေနဲ့ လိုက်လျော ညီထွေ ရှိ မရှိ ကြည့်ရပါမယ်၊ ဥပဒေရဲ့ အနှစ်သာရကို ကြည့်ရသလို ဝေါဟာရတွေကိုလည်း ကြည့်ရပါမယ်၊ အနှစ်သာရကို ဦးစားပေးလွန်းတဲ့ အခါမှာ ဝေါဟာရဘက်မှာ ပျောက်တတ်သလို ဝေါဟာရတွေကို ဦးစားပေးလွန်းတဲ့အခါ အနှစ်သာရ တွေ ပျောက်တတ်ပါတယ်၊ ဒါတွေကိုလည်း သတိထားသင့်ပါတယ်၊ အဲဒီ ဥပဒေရဲ့ နောက်ကြောင်း၊ အခြေခံ အချက်အလက် သမိုင်းကြောင်းတွေကိုလည်း သိဖို့လိုပါတယ်၊ ဒီလို သိမှသာ မှန်မှန်ကန်ကန် ပြုနိုင်ပါမယ်၊ ပြီးတော့ ဥပဒေပြုရာမှာ နိုင်ငံတော်ရဲ့ မူဝါဒနဲ့ အညီ ပြုနိုင်ရပါမယ်၊ အမှုမဲ့ အမှတ်မဲ့နဲ့ ပညာရှိ သတိဖြစ်ခဲ ဆိုတာမျိုး မဖြစ်သင့်ပါဘူး၊ နိုင်ငံတော်ရဲ့ မူဝါဒက တစ်မျိုး ဥပဒေက တစ်မျိုးလည်း မဖြစ်သင့်ပါဘူး:” ဟု သမ္မတကြီးက ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးမန်းဝင်ခိုင်သန်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ဒုတိယ အကြိမ် လွှတ်တော်များ လေးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည့်အခါ လွှတ်တော်၏ ဂုဏ်သိက္ခာ၊ ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် ညီညွတ် သော အပြောအဆို အသုံးအနှုန်းများ ဖြစ်စေလိုကြောင်း၊ အပြုသဘောဖြင့် ဆွေးနွေးတိုင်ပင်ကြပြီး အများစု၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း၊ အနည်းစု၏ သဘောထားကို လေးစားခြင်း စသည့် ဒီမို ကရေစီ နည်းလမ်းကို ကျင့်သုံးကြဖို့၊ ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်မည် ဆိုပြီး မိမိတို့ ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် အရင် ပြုပြင် ပြောင်းလဲဖို့လိုအပ်ကြောင်း၊ ပြုပြင် ပြောင်းလဲနိုင်ရမည် ဖြစ်ကြောင်း၊ကိုယ့်ကိုယ်ကိုယ် ပြုပြင် ပြောင်းလဲနိုင်သည်နှင့် အမျှ နိုင်ငံတော် တိုးတက် ဖွံ့ဖြိုးနိုင်မည် ဖြစ်ကြောင်း၊ သို့ပါ၍ မိမိတို့အားလုံးသည် ကိုယ့်ကိုယ်ကို ပြုပြင် ပြာင်းလဲပြီး သည်းခံခြင်း၊ စေ့စပ် ညှိနှိုင်း အဖြေရှာခြင်း ဟူသော ဒီမိုကရေစီ ကျင့်စဉ်ကို ကျင့်သုံးကြစေလိုကြောင်းလည်း သမ္မတကြီးက တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ နှင့်အတူ ဒုတိယ သမ္မတများ၊ လွှတ်တော် ဥက္ကဌများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ အရာရှိကြီးများ၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ နှင့် အမျိုးသား လွှတ်တော် ဥက္ကဌ တို့ကလည်း အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။  (Xinhua)