Connect with us

Politics, Law & Military

ဧရာဝတီမြစ်အတွင်း စက်လှေ တိမ်းမှောက်ပြီး လူ ၃၉ ဦးပျောက်ဆုံးရာမှ လူ ၄ဦး သေဆုံးလျက်ပြန်တွေ့

ဧရာဝတီမြစ်ရေ မြင့်တက်နေမှုအားတွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် စက်လှေတစ်စီး တိမ်းမှောက်ပြီး လူ ၃၉ ဦးပျောက်ဆုံးရာမှ ယနေ့ နံနက်ပိုင်းတွင် လူ ၄ဦး သေဆုံးလျက်ပြန်တွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား (၁၅၀) ခန့်သည် ကန်သာ ကျေးရွာသို့ စက်လှေနှစ်စီးဖြင့် လာရောက်ရှိလာပြီး အငြင်းပွားလျက်ရှိသော မြေပေါ်တွင် ဆောက်လုပ်ထားသည့် နေအိမ်နှစ်လုံးနှင့် ပတ်သက်၍ အပြန်အလှန် စကားများခဲ့ကြောင်း၊ အဆိုပါ စက်လှေနှစ်စီးနှင့် ကန်သာကျေးရွာမှ ကျေးရွာသားများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ကာ လေးခွ၊ တုတ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြပြီး စက်လှေပြန်လည်ထွက်ပြေးစဉ် ဧရာဝတီမြစ်အတွင်း တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

”ကျေးရွာနှစ်ရွာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဖရဲကျွန်းကျေးရွာသားများက စက်လှေနဲ့ပြန်လည်ဆုတ်ခွာတဲ့ အချိန်မှာ တိမ်းမှောက်ခဲ့တာပါ။ စက်လှေပေါ်ပါတဲ့ လူ ၃၉ ဦး ပျောက်ဆုံးနေပြီး ယနေ့ ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီ ဝန်းကျင်က ရေထဲကနေ ကျား ၂ ဦး၊ မ ၂ ဦး သေဆုံးလျက်ပြန်လည်တွေ့ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ဆောင်ရွက်နေပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောက ပြောသည်။

လက်ရှိ အဆိုပါနေရာသို့ မကွေးခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့မှူးများနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နယ်မြေအေးချမ်းရေး နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)