Connect with us

Politics, Law & Military

၀န်ကြီး ဌာနနှစ်ခု ပေါင်းခြင်းဖြင့် ဝန်ထမ်းများကို မထိခိုက်ဟု ဆို

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ရှင်းလင်း တင်ပြစဉ်။

နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တို့ကို ပူးပေါင်းကာ “စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီး ဌာန” အဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရေးကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ထောက်ခံ ဆန္ဒမဲ ၃၄၉ မဲ၊ ကန့်ကွက်မဲ ၂၂၂ မဲ၊ ကြားနေမဲ နှစ်မဲဖြင့် အတည်ပြုခဲ့ သည်။

ထိုသို့ ပေါင်းစပ်လိုက်ခြင်းကြောင့် ဝန်ထမ်းများအတွက် စိုးရိမ်ဖို့မရှိကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပေါင်းစပ်ဖွဲ့စည်းခြင်းကြောင့် စက်မှု ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းပေါင်း နှစ်သောင်းသုံးထောင်ကျော်နှင့် ၎င်းတို့၏ မိသားစုများ အတွက် အလုပ်အကိုင်နှင့် ဝင်ငွေ ဆုံးရှုံးမှာ မဟုတ်ကြောင်း၊ ပုဂ္ဂလိက ဦးဆောင်သည့် စက်မှု ဖွံ့ဖြိုး တိုးတက်မှုမှ တစ်ဆင့် ၅၂ သန်းသော ပြည်သူများ၏ အကျိုးစီးပွားကို ရယူ ဆောင်ရွက် ပေးနိုင်မည့် အခြေခံကျသည့် ပေါင်းစည်းမှုဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်ကြီးက အတည်ပြုပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြ အပြီး ဆန္ဒမဲကောက်ယူကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများကို တစ်ဦးချင်းစီ၏ သဘောဆန္ဒအလျောက် ရွေးချယ် ခွင့် ပေးထားကြောင်း၊ ဝန်ကြီးဌာနအသစ်၏ လက်အောက်ရှိ ဦးစီးဌာန အသီးသီးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နိုင်ကြောင်း၊ အခြားဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခွင့် ပေးထားကြောင်း၊ နိုင်ငံ့ဝန်ထမ်း အဖြစ်မှ နုတ်ထွက်ပြီး ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများသို့ အပြီးအပိုင် ပြောင်းရွှေ့ခွင့် ပေးခြင်း၊ နိုင်ငံ့ ဝန်ထမ်း အဖြစ်မှ မနုတ်ထွက်သေးဘဲ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများတွင် ပြင်ပ ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခွင့်ပေးခြင်း၊ လျော်ကြေး ပင်စင် ခံစားခွင့်ပြုခြင်း စသည့် နိုင်ငံဝန်ထမ်း နည်းဥပဒေနှင့် အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြည်ထောင်စု လွှတ်တော်သို့ နိုဝင်ဘာ ၁၅ ရက် နေ့တွင် တင်သွင်းခဲ့သည့် ဝန်ကြီးဌာန နှစ်ခု ပေါင်းစပ် ဖွဲ့စည်းရေး တင်ပြချက် အား ၂၀၁၉ ၊ နိုဝင်ဘာ ၂၀ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးခဲ့ကြပြီး၊ ယခု ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ၊၂၀၁၉ နိုဝင်ဘာ ၂၆ ရက်တွင် ကျန် ကိုယ်စားလှယ် များက ဆက်လက်ဆွေးနွေးကြကာ ဆန္ဒမဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။(Xinhua)