Connect with us

Politics

တရုတ် နိုင်ငံ ပညာရှင်များ က မြန်မာ နိုင်ငံ ဗဟိုဝန်ထမ်း တက္ကသိုလ် မှ လေ့ကျင့်ရေးမှူး များ အား သင်တန်း လာရောက် ပို့ချ

တရုတ် နိုင်ငံ ပညာရှင်များက မြန်မာ နိုင်ငံ ဗဟိုဝန်ထမ်း တက္ကသိုလ် မှ လေ့ကျင့်ရေးမှူးများ အား သင်တန်း ပို့ချပေးသည့် ဖွင့်ပွဲ အခမ်းအနား တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ပြင်ဦးလွင် ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ပညာရှင်များ က မြန်မာ နိုင်ငံ ဗဟိုဝန်ထမ်း တက္ကသိုလ် မှ လေ့ကျင့်ရေးမှူး များ အား သင်တန်း လာရောက် ပို့ချမှု ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်း တွင် မြန်မာ နိုင်ငံ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး သင်တန်းပို့ချမှုများ စတင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြန်မာ နိုင်ငံ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က အဖွင့်အမှာစကား ပြောကြားရာတွင်  မြန်မာနိုင်ငံ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ (UCSB) က တရုတ်နိုင်ငံ အမျိုးသား အုပ်ချုပ်ရေးဆိုင်ရာ အကယ်ဒမီ (CNAG) နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းမှူးများ အတွက် ၂၀၁၉ ခုနှစ် လေ့ကျင့်ရေးအစီအစဉ် တစ်ခုကို ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊  ယင်း အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအဖွဲ နှင့် တရုတ်နိုင်ငံ အုပ်ချုပ်ရေးဆိုင်ရာ အမျိုးသားအကယ်ဒမီကို အထူးကျေးဇူးတင်ရှိပါကြောင်း ၊  UCSB အဖွဲ့အောက်မှာ လုပ်ကိုင်နေသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) နှင့်တရုတ်နိုင်ငံ CNAG တို့ က ၂ဝ၁၇ ခုနှစ် တွင် ( ပြည်သူ့ရေးရာမူဝါဒ နှင့် ပြည်သူ့စီမံခန့်ခွဲမှုနယ်ပယ်တွင် ကျွမ်းကျင်သူများ နှင့် အသိပညာများ ဖလှယ်ရေး) ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၊ နားလည်မှုစာချွန်လွှာ တွင်  လေ့ကျင့်ရေးဝန်ထမ်း များ အပြန်အလှန်ဖလှယ်ရန် နှင့် မြန်မာနိုင်ငံက ဗဟိုဝန်ထမ်းတက္ကသိုလ် နှင့် တရုတ်နိုင်ငံ CNAG အကယ်ဒမီအကြား ပူးပေါင်းဆောင်ရွက်ရန် ပါဝင်ကြောင်း ၊ ယခု သင်တန်း က  မြန်မာနိုင်ငံအစိုးရ ပြုပြင်ပြောင်းလဲရေး အစီအစဉ် တွင် အဓိကအခန်းကဏ္ဍ ၌ ပါဝင်နေ သည့် မြန်မာ နိုင်ငံ  နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ စီမံချက် (၂၀၁၇-၂၀၂၀) အတွက်လိုအပ်သော တီထွင်ဖန်တီးမှု ၊ ချဉ်ကပ်းမှု နှင့် ထောက်ခံအားပေးမှုတွေကို ဆောင်ကြဉ်ပေးနိုင်မယ် ဟု ယုံကြည်ပါကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး  ချန်းဟိုင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး  ချန်းဟိုင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့် ဝါဒ ဆောင်ရွက် ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ က တရုတ် နိုင်ငံ ရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ ကို ဦးဆောင် ၍ စည်းလုံးညီညွတ်စွာ ဖြင့် အခက်အခဲများ ကြား က လုပ်ငန်းများအား ထူထောင် ကာ ဖွံ့ဖြိုးပြီး နိုင်ငံများ နှစ်ပေါင်းရာနှင့်ချီ၍ ဖြတ်သန်းခဲ့သည့် စက်မှုလုပ်ငန်း ကာလ ကို အချိန်တို အတွင်း ဖြတ်ကျော် နိုင်ခဲ့ကြောင်း ၊ ယင်းကဲ့သို့ ဆောင်ရွက်နိုင်ခဲ့ခြင်း မှာ တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ၏ ကာလတစ်လျှောက် ပြည်သူကို ဗဟိုပြုပြီး ရဲဝံ့စွာ ကဏ္ဍအသီးသီး ၌ တီထွင်ဆန်းသစ်မှု ကို တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ကလည်း တရုတ် နိုင်ငံ ပြည်တွင်း အခြေအနေ နှင့် ကိုက်ညီသော တမူထူးခြားသည့် တရုတ် နိုင်ငံ ဆိုရှယ်လစ် ဝါဒ လမ်းစဉ် ၊ သဘောတရား ၊ စနစ် နှင့် ယဉ်ကျေးမှု တို့ကို ဖြစ်တည် စေခဲ့ကြောင်း ၊ ယခု သင်တန်း တွင် သင်တန်းသား များ က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ခေတ်သစ် တမူထူးခြားသော တရုတ် နိုင်ငံ ဆိုရှယ်လစ် ဝါဒ အတွေးအမြင် ၊ တရုတ် နိုင်ငံ အခြေခံ နိုင်ငံတော် စီမံအုပ်ချုပ်မှု နှင့် ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့်ဝါဒ မှ အဓိက အတွေ့အကြုံများ ကို မျှဝေ ပေးသွားမည် ဖြစ်ကြောင်း ၊ ယခု သင်တန်း က မြန်မာ နိုင်ငံ မှ မိတ်ဆွေများ မိမိ နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသည့် နိုင်ငံတော် စီမံအုပ်ချုပ်မှု နည်းလမ်း ကို ရှာဖွေတွေ့ရှိရန် ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး စနစ် နှင့် ခေတ်မှီအုပ်ချုပ်မှု စွမ်းရည် အား တွန်းအားပေး နိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားရာတွင် ယခု ကျင်းပ ပြုလုပ်သည့် သင်တန်း က မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ရိုးရာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ကို မြှင့်တင်ပေး နိုင်မည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ  နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ စီမံချက် ချမှတ်ဆောင်ရွက်နေသောကြောင့် ဝန်ထမ်းများ ၏ စွမ်းဆောင်ရည် နှင့် အရည်အချင်း အား မြှင့်တင်ရန် လိုအပ်နေကြောင်း ၊ နိုင်ငံ့ဝန်ထမ်း ကဏ္ဍ တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား တိုးချဲ့ ဆက်ဆံခြင်း အားဖြင့် တရုတ် နိုင်ငံ က ဆောင်ရွက်ခဲ့သော နည်းလမ်းများ အား သိရှိ နိုင်မည်ဖြစ်ပြီး မိမိ နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသော နည်းလမ်းများ ကို ချမှတ်ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ၊ ယခု ကဲ့သို့ မြန်မာ နိုင်ငံ  နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တွင် တရုတ် နိုင်ငံ က ကူညီထောက်ပံ့ပေးသည့် အတွက် အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

ယခု ကျင်းပ ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ် တွင် လေ့ကျင့်ရေးမှူးတာဝန်ယူထား သည့် နည်းပြ နှင့် ပါမောက္ခ စုစုပေါင်း ၇ဝ အား သင်တန်း ပို့ချပေးသွားမည် ဖြစ်ကြောင်း ၊ သင်တန်း အား စက်တင်ဘာ ၂၃ ရက် မှ ၂၇ ရက် အထိ သင်တန်း ပို့ချမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)