Connect with us

Politics, Law & Military

၂၀၁၆ ခုနှစ် ရေကြီးမှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် သီးနှံ၊ တာတမံနှင့် လမ်း တံတားများအတွက် ကျပ်သန်း ၁၁,၃၀၀ ကျော် သုံးစွဲမည်

၂၀၁၆ ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြှုပ်မှုမြင်ကွင်း တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် သီးနှံများ ပြန်လည် စိုက်ပျိုး ရန်နှင့် ပျက်စီးသွားသည့် တာတမံနှင့် လမ်း တံတားများ ပြန်လည် တည်ဆောက်ရန်အတွက် ပြည်ထောင်စု၏ သီးသန့်ရန်ပုံ ငွေမှ ကျပ်သန်း ၁၁၃၀၀ ကျော် သုံးစွဲသွားမည်ဟု စိုက်ပျိုး ရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ယနေ့ ပြည်သူ့ လွှတ်တော် တွင် ပြောကြားခဲ့သည်။

“သီးသန့်ရန်ပုံငွေ ၁၁၃၃၃ ဒသမ ၁၂ ကျပ်သန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် ၊ အစိုးရ အဖွဲ့ အစည်းအဝေး ၂/ ၂၀၁၇ က ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး တွေမှာ လုပ်ငန်းတွေ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ်” ဟု ယနေ့ပြုလုပ် ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပထမနေ့တွင် ဧရာဝတီတိုင်း ကျောင်းကုန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း မေးမြန်းသည့် ၂၀၁၆ ခုနှစ် ဧရာဝတီတိုင်းရှိ မြို့နယ်များ အပါအဝင် အခြားတိုင်းဒေသကြီး မြို့နယ်တို့ရှိ လယ်ယာမြေများ နစ်မြှုပ်ပျက်စီးခဲ့မှုအပေါ် နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ထောင်စု၏ သီးသန့် ရန်ပုံငွေမှ ထောက်ပံ့ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့မှုအား ပြည်ထောင်စု ဝန်ကြီးကိုယ်စား ပြန်လည် ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်းမိုးသည်းထန်စွာ ရွာသွန်းခဲ့ဲခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပျက်စီး သီးနှံဧက ၂၂၃,၉၄၁ ဧက အပါအဝင် နိုင်ငံ့အဝှမ်း ပျက်စီးသီးနှံဧက ၄၃၈,၉၂၄ ဧကအတွက် မျိုးစေ့ဖိုး ထောက်ပံ့ပေးရန် ပြည်ထောင်စု သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၄၆၇၁ ဒသမ ၁၅၅ ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၂၀၁၇ ဇန်နဝါရီ ၁၉ ရက် နေ့စွဲဖြင့် ခွင့်ပြုမိန့်ရပြီးဖြစ်ကြောင်း၊ စပါး ပြန်မစိုက်နိုင်တော့သည့် နေရာများအတွက် ဆောင်းသီးနှံ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများအား မျိုးရရှိရေး၊ စိုက်ချိန်မှန်ကန်ရေးနှင့် မြေယာ ပြုပြင် ထွန်ယက်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၀ တွင် ရေကြီးရေလျှံမှုကြောင့် မိုးစပါး ၂၂၂,၇၇၇ ဧက အပါအဝင် ပျက်စီးသီးနှံဧကပေါင်း ၂၂၃,၉၄၁ ဧက ရှိခဲ့သည့်အနက် ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့အထိ မိုးစပါး ၉၅,၀၆၆ ဧက တို့ကို ပြန်လည် စိုက်ပျိုးပြီး ဖြစ်ကြောင်း၊ မိုးစပါး ပျက်စီးဧကများအတွက် တောင်သူများထံသို့ မျိုးစပါး တင်း ၂၀,၀၀၀ (နှစ်သောင်း) ထောက်ပံ့ပေးပြီးဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မမီသော ဧရိယာများတွင် နွေစပါး ၅၁၀၄ ဧက၊ ပဲမျိုးစုံ ၁၁၉,၉၅၉ ဧက နှင့် ဆီထွက်သီးနှံ ၃၄၈ ဧကတို့ အစားထိုး စိုက်ပျိုးသွားမည် ဖြစ် ကြောင်း လည်း ရှင်းလင်း ပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လမ်းများ၊ တံတား များနှင့် တာတမံများ ပြန်လည် တည်ဆောက်ရန်အတွက် ကျပ်သန်း ၆၆၆၀ ကျော်ကို ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံ ငွေ ထဲမှ သုံးစွဲခွင့် ရထားပြီးဖြစ်ကြောင်း၊ လမ်းများအတွက် ကျပ် သန်း ၁၂၂၀ ဒသမ ၁၄ သန်း၊ တံတားများအတွက် ၁၂၅၁ ဒသမ ၁၆ သန်းနှင့် တာတမံများ အတွက် ၄၁၉၀ ဒသမ ၆၆ သန်း သုံးစွဲသွားမည်ဖြစ်ရာ ပျက်စီးသီးနှံများ ပြန်လည် အစားထိုး စိုက်ပျိုးမည့် မျိုးစေ့ဖိုး ကျပ်သန်း ၄၆၇၁ ဒသမ ၁၅၅ သန်းနှင့်ဆိုလျှင် စုစုပေါင်း ၁၁,၃၃၃ ဒသမ ၁၁၅ သန်း ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.