Connect with us

Politics, Law & Military

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင်ဆန်တန်ချိန် သုံးသန်းခွဲကျော် တင်ပို့နိုင်ခဲ့

နေပြည်တော်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့နိုင်ငံ ၆၁ နိုင်ငံအထိ ဆန်ဈေးကွက်သစ်များ ချဲ့ထွင်နိုင်ခဲ့သဖြင့် ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်းကျော် တင်ပို့ နိုင်ခဲ့ပြီး ထိုပမာဏမှာ ၇၃ နှစ်အတွင်း အများဆုံး တင်ပို့ နိုင်သော စံချိန်အသစ်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ဝန်ကြီးဌာနနဲ့ ဆန်စပါး လုပ်ငန်းရှင်များ ပူးပေါင်းပြီး ဆန်ဝယ်မယ့် နိုင်ငံတွေနဲ့ ချိတ်ဆက် ဆောင် ရွက်ခဲ့ရာမှာ အာဖရိက ဆန်ဈေးကွက်အပါအဝင် ကမ္ဘာ့ဆန်ဈေးကွက်သို့ ပြန်လည် ချိတ်ဆက် နိုင်ခဲ့ပြီး ဆန်တင်ပို့မှု သိသိသာသာ တိုးတက်လာခဲ့ပါတယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း ၂၀၁၇ မှ ၂၀၂၂ အထိ နှစ်စဉ် ဆန်တန် သုံးသိန်း ရောင်းဖို့ လက်မှတ်ရေးထိုးထားပါတယ်၊ EU နိုင်ငံများ၊ အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံ ၆၁ နိုင်ငံအထိ ဈေးကွက်သစ်တွေ ရရှိခဲ့တဲ့အတွက် ဒီနှစ်မှာ တန် ၃ ဒသမ ၅၈ သန်းကျော်တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံ ငါးနိုင်ငံစာရင်းမှာ မြန်မာ နိုင်ငံ ပါဝင်လာခဲ့ပါတယ်၊ မကြာမီမှာ ဖိလစ်ပိုင်နိုင်ငံ ဈေးကွက်ကို ဆန်တိုးချဲ့ တင်ပို့နိုင်မယ့် အခြေ အနေ ရှိပါတယ်” ဟု အုတ်တွင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုနှင့် စေတုတ္တရာ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင် တို့၏ အမေးများကို ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပြောင်းတန်ချိန် ၁ ဒသမ ၄ သန်းကျော်( အမေရိကန်ဒေါ်လာ ၂၉၄ သန်းကျော်ဖိုး)၊ နှမ်းတန်ချိန် ၁ ဒသမ ၂ သိန်းကျော် (ဒေါ်လာ ၁၆၄ သန်းဖိုး)၊ ပဲမျိုးစုံ တန် ၁ ဒသမ ၃ သန်းကျော်( ဒေါ်လာ ၈၈၃ သန်းကျော်ဖိုး) တင်ပို့နိုင်ခဲ့ကြောင်း၊ စိုက်ပျိုး ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် ကုန်သွယ်နိုင်ငံများ၏ လိုအပ်ချက်များအရ SPS (အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အပင် ကျန်းမာရေး) ဆိုင်ရာ ထောက်ခံချက်များ ဖြစ်သော ပို့ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း (Pesticide Residue) ပါဝင်မှု စစ်ဆေးခြင်း၊ အဆိပ်ဖြစ် သတ္တု (Heavy Metal)ပါဝင်မှု စစ်ဆေးခြင်း၊ မှိုအဆိပ် (Aflatoxin) ပါဝင်မှု စစ်ဆေးခြင်း တို့အား ထွက်ကုန်အလိုက် သတ်မှတ်ချက်ထက် ကျော်လွန်မှု မရှိစေရန် ဓာတ်ခွဲ စမ်းသပ် အဖြေထုတ်၊ ထောက်ခံပေးခြင်းဖြင့် ခိုင်မာသော နိုင်ငံခြား ဈေးကွက် ရရှိအောင် ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ဖြေကြား ခဲ့သည်။

ထို့အပြင် ၎င်းက “၂၀၁၈ ဧပြီ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ mini budget မှာဆိုရင် လယ်ယာထွက်ကုန် သီးနှံတွေ ပြည်ပ တင်ပို့နိုင်မှုအနေနဲ့ ဆန်၊ ဆန်ကွဲ တန်ချိန် ၁၁ဒသမ ၃ သိန်း (အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ ၉၀၅ သန်းဖိုး)၊ ပြောင်း တန်ချိန် ၃ ဒသမ ၈၅ သိန်း(ဒေါ်လာ ၈၄ ဒသမ ၃၇၂ သန်းဖိုး)၊ ပဲအမျိုးမျိုး တန်ချိန် ၇ ဒသမ ၉၄ သိန်း( ဒေါ်လာ ၃၉၇ ဒသမ ၅၉၉ သန်းဖိုး) တင်ပို့နိုင်ခဲ့ပါတယ်” ဟုလည်း ဖြေကြားခဲ့သည်။ (Xinhua)