Connect with us

Politics, Law & Military

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာပြုနိုင်သည့် စိစစ်တွေ့ရှိချက်များအား ဖြေရှင်းပေးရန် တပ်မတော် တောင်းဆို

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကိုယ်စား ဗိုလ်ချုပ် ဇော်မင်းထွန်း ရှင်းလင်းပြောကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

ကျင်းပပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ မဲစာရင်းများအား တပ်မတော်က မြို့နယ် တစ်ခုနှင့် တစ်ခု အပြန်အလှန် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မဲမသမာမှု ဖြစ်နိုင်သည့် မဲအရေ အတွက်မှာ တစ်နိုင်ငံလုံးတွင် ရှစ်သန်း ခုနစ်သိန်းခန့်ရှိကြောင်းနှင့် အဆိုပါ တွေ့ရှိချက်အပေါ် တာဝန်ရှိ အဖွဲ့အစည်းများက ပွင့်လင်း မြင်သာစွာ ဖြေရှင်းပေးစေလိုကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကိုယ်စား ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“တပ်မတော်အနေနဲ့ တွေ့ရှိချက်တွေကို ပြည်ထောင်စု လွှတ်တော်ကလည်းကောင်း၊ နိုင်ငံတော် အစိုးရကလည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်ကလည်းကောင်း၊ ဖြေရှင်းပေးနိုင်ပါရန် ဆိုပြီး တောင်းဆိုခဲ့တာ ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ စိစစ်တွေ့ရှိချက်အရ မဲ မသမာမှု ပြုနိုင်သည့် ထပ်နေသော မဲစာရင်းမှာ မဲပေါင်း လေးသန်း တစ်သောင်းကျော်(၄,၀၁၆,၆၃၂) ရှိပြီး မသမာမှု ဖြစ်နိုင်သည့် အခြား မဲစာရင်းမှာ မဲပေါင်း လေးသန်း ခုနစ်သောင်းခန့်(၄၆၇၉,၁၈၂) ရှိကြောင်း၊ မသမာမှု ဖြစ်နိုင်သည့် မဲစုစုပေါင်း ၈,၆၉၅, ၈၁၄ မဲ ရှိရာ ရာခိုင်နှုန်းအားဖြင့် ၂၃ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားခဲ့သည်။

၎င်းက “တပ်မတော်သည် တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ရွေးကောက်ပွဲမှာ အမှားအယွင်း ရှိနေတာကို ရေငုံနှုတ်ပိတ် နေလို့ ရပါဘူး။ သမိုင်းတရားခံ အဖြစ် မခံနိုင်ပါဘူး” ဟုလည်း ပြောကြားခဲ့ပြီး ပြည်ထောင်စု လွှတ်တော်ကလည်းကောင်း၊ နိုင်ငံတော် အစိုးရကလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်းကောင်း ယခု စိစစ် တွေ့ရှိချက်များအပေါ် ဖြေရှင်းပေးနိုင်ပါရန် ဆိုပြီး တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြေရှင်းပေးရမည့် အပိုင်းကို ဖြေရှင်းပေးဖို့ လိုပါကြောင်း၊ နိုင်ငံရေး ယဉ်ကျေးမှု အရ ဥပဒေ နှင့် အညီ ဖြေရှင်းပေးဖို့တောင်းခံပါကြောင်းနှင့် စည်းကမ်းတကျ ဖြေရှင်းပေးဖို့တောင်းခံပါ ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “သက်ဆိုင်ရာ တာဝန်ယူ တာဝန်ခံရတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ကျင်းပပြီးတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်းကို ပွင့်လင်း မြင်သာစွာ ဖော်ပြခဲ့တာမျိုး ရှိရမယ်၊ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့တည်ဆောက်ခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် ခိုင်မြဲရေးအတွက် ဆောင်ရွက်နေတာ ဖြစ်တယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်မှာ အရေးကြီးဆုံး သည် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲမှာ သံသယ ရှိမှု မသမာမှု ဖြစ်နိုင်တာ တွေကို တာဝန်ရှိသူ တွေက ဖြေရှင်းပေးဖို့ လိုတယ်၊ အဲဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီ စနစ်သည် ယိမ်းယိုင်သွားမှာ ဖြစ်တယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ တွေ့ရှိချက်များနှင့် ပတ်သက်ပြီး တာဝန်ရှိ အဖွဲ့အစည်းတစ်ခုခု၏ ပြန်လည် ဖြေရှင်းချက် အပေါ် မူတည်လျက် တပ်မတော်သည် ဥပဒေကြောင်းအရ လုပ်နိုင်တာ မှန်သမျှကို ဆက်ပြီး လုပ် ဆောင်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ပြသနာများနှင့် ပတ်သက်သည့် စာချွန်တော် အမိန့်လျှောက်ထားမှုအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ တရားမျှတစွာ ကြားနာ ဆောင်ရွက်နိုင်မည်ဟု တပ်မတော်က ယုံကြည်ပါကြောင်း၊ တပ်မတော်သည် မည်သည့် ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းကိုမျှ သစ္စာ မခံဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုသာ သစ္စာခံသွားမည် ဖြစ်ကြောင်း၊ တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် တည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မဆန့်ကျင်ဘဲ လိုက်နာ ဆောင်ရွက် သွားရမည့် အဖွဲ့အစည်း ဖြစ်သည့် အားလျော်စွာ ဥပဒေ ပေးထားချက်များ အတိုင်း လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် တာဝန်ကို ယူမည်ဟုလည်း မပြော၊ မယူဘူးဟုလည်း မပြောကြောင်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.