Connect with us

Politics, Law & Military

၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ အားတွေ့ရစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံ မဲစာရင်းများ ပြုစု ပြီးသွားပြီဖြစ်ရာ မဲပေးခွင့်ရ ဦးရေမှာ ၃၇ သန်းကျော် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ညနေပိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC: _Union Election Commission) ၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းပွဲတွင် ပြောကြားခဲ့သည်။

“အခြေခံ မဲစာရင်းအရ ၃၇ သန်းကျော် ရှိရာမှာ ကျား ၁၇ သန်းကျော်နဲ့ မ ၁၉ သန်းကျော် ပါပါတယ်၊ ဒီအထဲမှာ တပ်မတော်သားတွေနဲ့ သူတို့ မိသားစုတွေရဲ့ မဲစာရင်းတော့ မပါသေးပါဘူး၊ သူတို့က ရွှေ့တာပြောင်းတာတွေလည်း ရှိတော့ သင့်လျော်တဲ့ အချိန် နီးကပ်လာမှပဲ စာရင်းကို ရယူနိုင်ပါမယ်၊ အားလုံး စာရင်းအတည်ဖြစ်သွားရင်  နောက်ထပ် သုံးသန်းကျော်လောက် တိုးလာနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မဲစာရင်းတွင် ဒီဇင်ဘာလကုန်၌ အသက် ၁၈ နှစ် ပြည့်မည့်သူများကိုပါ ထည့်သွင်းရမည် ဖြစ်ကြောင်း၊ လက်ရှိ ၃၇ သန်းကျော်အပြင် နောက်ထပ် သုံးသန်းခန့် တိုးလာမည်ဟု မှန်းဆထားကြောင်း၊ အခြေခံ မဲစာရင်းများ ကောက်ယူရာတွင် ‘ဝ’ဒေသ ငါးမြို့နယ်မှ အပ ရခိုင်ပြည်နယ်အပါအဝင် ကျန်ဒေသ အားလုံးကို ကောက်ယူထားပြီး ဖြစ်ကြောင်း၊ ကြိုတင်မဲများနှင့် ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဦးမြင့်နိုင် ဖြေကြားနေစဉ်။(ဆင်ဟွာ)

ထို့အပြင် ၎င်းက “အခု မဲစာရင်း ကောက်တဲ့ နည်းက UEC နဲ့ သက်ဆိုင်ရာ နိုင်ငံရေး ပါတီ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ လူဝင်မှု ကြီးကြပ်ရေး ဌာနတွေ အားလုံး ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်လို့ အရင်ရွေးကောက်ပွဲတွေထက် ပိုပြီး ပြည်စုံ ကောင်းမွန်တဲ့ မဲစာရင်းကို ရပါမယ်” ဟုလည်း ပြောခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကိုမူ မသတ်မှတ်ရသေးကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး၏ ရွေးကောက်ပွဲ အသုံးစရိတ်နှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ယခင်ကဲ့သို့ပင် ကျပ် သိန်း တစ်ရာ သုံးစွဲခွင့်ပြုထားပြီး မဲဆန္ဒနယ် မြေ ကျယ်ပြန့်သည့် တိုင်းရင်းသားလူမျိုးများ လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ကျပ် သိန်း ၁၅၀ ခွင့်ပြုထားကြောင်း၊ ‘ဝ’ ဒေသ ငါးမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းနေ ပါကြောင်း ဖြေကြားခဲ့သည်။

တပ်တွင်းမဲရုံများ တပ်အပြင်ရွှေ့ရေးနှင့် ပတ်သက်ပြီး “အရင် ရွေးကောက်ပွဲတုန်းက တပ်တွင်း မဲရုံ ပေါင်း ၈၉၁ ရုံ ရှိခဲ့ပါတယ်၊ အခုတော့ အတိုး အလျော့ ရှိနိုင်ပါတယ်၊ ပွင့်လင်းမြင်သာမှု ရှိရေး၊ လွတ်လွတ်လပ်လပ် သွားလာ စောင့်ကြည့်နိုင်ရေးဆိုတဲ့ UEC ရဲ့ ရည်ရွယ်ချက်အရ တပ်တွင်းမဲရုံတွေ ကို တပ် ပြင်ပ တပ်နဲ့ အနီးဆုံးနေရာမှာ ထားဖို့ လွှတ်တော်ကို တင်ပြထားပါတယ်” ဟု ဖြေကြားခဲ့ သည်။

မှတ်ပုံတင်ပြီး နိုင်ငံရေး ပါတီ ၉၆ ခု၊ ယာယီ ရပ်ဆိုင်းထားသော ပါတီ သုံးခု၊ ပါတီ တည်ထောင်ခွင့် စိစစ်ဆဲ သုံးခု၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲ နှစ်ခု ရှိကြပြီး ဒီဇင်ဘာလ ကုန်လျှင် ပါတီ လျှောက်ထားခွင့် ပြီးဆုံဒမည် ဖြစ်ရာ နိုင်ငံရေး ပါတီပေါင်း ၁၀၀ ကျော်ခန့်ရှိလာနိုင်ကြောင်းလည်း UEC အဖွဲ့ဝင်က ပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.