Connect with us

Politics, Law & Military

၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနား နှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနား ကျင်းပ


ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေက တက်ရောက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာကိုဖတ်ကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ပြည်ထောင်စုနေ့သဝဏ်လွှာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများ၏ စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် ရရှိခဲ့သော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထာဝစဉ် တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး မပြိုကွဲစေရန်အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ၏ လက်တွဲမဖြုတ်စတမ်း စည်းလုံးညီညွတ်မှု အင်အားဖြင့်သာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နေပြည်တော်၌ ကျင်းပသော ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနား နှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားအား တွေ့ရစဉ်(ဓာတ်ပုံ – myanmar president office)

နေပြည်တော်၌ ကျင်းပသော ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနား နှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားအား တွေ့ရစဉ်(ဓာတ်ပုံ – myanmar president office)

၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅) ရပ် တို့ကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် ပေးကြရန် သဝဏ်လွှာတွင် အလေးအနက် တိုက်တွန်းခဲ့သည်။

အခမ်းအနားတွင် ပထမဦးစွာ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို နံနက် ၅ နာရီခွဲတွင် ကျင်းပ ခဲ့ပြီး နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို နံနက် ၇ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများ ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိတပ်ရင်းတပ်ဖွဲ့များမှ မိသားစုများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ တိုင်းရင်းသားတိုင်းရင်းသူကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.