Connect with us

Politics, Law & Military

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာ အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်နေမှုများကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အသိပေး ပြောကြား

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် မိန့်ခွန်း ပြောကြားစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊  စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ၏ ပဉ္စမနေ့အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက အထွေထွေ မူဝါဒရေးရာ မိန့်ခွန်း တစ်ရပ်အား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ၊ အရည်အသွေးမြင့် ပညာရေး ဖော်ဆောင်မှု ၊ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေများအား ဖြေရှင်းရေးတို့အတွက် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်နေမှုများကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်း လုပ်ဆောင်သင့်ပါကြောင်း နှင့် စံနှုန်းနှစ်မျိုး ကျင့်သုံးမှုနှင့် ခြွင်းချက်ထားသည့် မူဝါဒ (exceptionalism)ကို သမာသမတ်ရှိစွာ ရှောင်ရှားရန်လိုအပ်ကြောင်း ၊ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ် နှိင်ငံ အနေဖြင့်လည်း ဖြစ်ပေါ်သည့် အရေးကိစ္စများကို နှစ်နိုင်ငံသဘောတူညီချက် အရ တိတိကျကျလိုက်နာ အကောင်အထည်ဖော်ရန် လိုကြောင်း ပြောခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့(FFM)၏ အစီရင်ခံစာများ (ဒါရူစမင် ၏ အစီရင်ခံစာများ)၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIM)အား ဖွဲ့စည်းမှု၊ ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(ICC)မှ တရားစီရင် ရေးနှင့် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ ပါဝင်ဆောင်ရွက်မှုနှင့်စပ်လျဉ်းသော ရိုဆင်သယ်၏ အစီရင်ခံစာတို့အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီးက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ကြောင်း ၊ သဘောတူစာချုပ်၏ လွှမ်းခြုံနိုင်မှုကို မကြာသေးမီက တိုးချဲ့နိုင်ခဲ့သော်လည်း လက်မှတ် မရေးထိုး ရသေးသည့် အဖွဲ့အားလုံး ပါဝင်လာနိုင်ရေးအတွက် ရှေ့ဆက်ပြီး များစွာကြိုးပမ်းရဦးမည် ဖြစ်ကြောင်း ၊ စိန်ခေါ်မှုများ ရှိနေသော်ငြား စေ့စပ်ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်လျက် ရှိကြောင်း ၊  အောင်မြင်သည့် ရလဒ်ဖြစ်ပေါ်လာရန် အဖွဲ့အားလုံး၏ ဖြေလျှော့မှု၊ လိုက်လျောမှု၊ စိတ်ရှည်မှုအပြင် မိတ်ဆွေများ၏ ဆက်လက်အားပေးကူညီမှုများလည်း လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ရခိုင် အရေးကိစ္စ နှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများကြား ဖြစ်ပေါ်သည့် အရေးကိစ္စများကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်မည် ၊ ဖြေရှင်းရမည်ဟု မြန်မာနိုင်ငံအနေြဖင့် အခိုင်အမာ ယုံကြည်ကြောင်း ၊ ကော့စ်ဘဇား၌ ရှိသည့် နေရပ်စွန့်ခွာသူများ၏ လက်ရှိအရေးကိစ္စကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား အထူးသဖြင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံသဘော တူညီချက်အရ ဖြေရှင်းနိုင်ပြီး၊ ဖြေရှင်းသွားရမှာလည်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အနေြဖင့် နေရပ်စွန့်ခွာသူများအရေးကိစ္စ ဖြေရှင်းရေးအတွက် အသင့်လျော်ဆုံး နည်းလမ်းဖြစ်သည့် နှစ်နိုင်ငံသဘောတူညီချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ၊ ထိုအပြင် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်အပါအဝင် မြန်မာနိုင်ငံ ကို ပြန်လိုကြောင်း ယခင်ကတည်းက ဆန္ဒပြုထားပြီးဖြစ်သည့်သူများကိုလည်း ဆောလျင်စွာ ပြန်လည်လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.