Connect with us

Politics, Law & Military

ပတ်စ်ပို့တ် သက်တမ်းကုန်နေသော မြန်မာ လုပ်သားများအား CI ထုတ်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ပြော

အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း ပြန်မရောက်သေးသည့် ယာယီ ပတ်စ်ပို့တ် သက်တမ်းကုန် မြန်မာ လုပ်သား များအား CI (Certificate of Identity) ကတ်များ ထုတ်ပေးသွားမည်ဟု အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နေပြည်တော် အလုပ်သမား ဝန်ကြီးရုံးတွင် ယနေ့ ညနေပိုင်း ပြုလုပ်သည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရှိ မြန်မာ လုပ်သားများ လက်ရှိ အခြေအနေဆိုင်ရာ သတင်းစာ ရှင်းပွဲတွင် ပြောခဲ့သည်။

“ထိုင်းနိုင်ငံက ပန်းရောင်ကတ်လို့ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် – အထောက်အထားကတ် CI တွေကို ခုချိန်ထိ အလုပ်သမား ၁၈၇၃၉၁ ဦးတို့ကို ထုတ်ပေးပြီး ဖြစ်ပါတယ်၊၊ အလုပ်သမားတွေကို ၂၀၁၇ မတ်လ ၃ ရက်နေ့မှ စပြီး ထိုင်းနိုင်ငံ စခန်း ခြောက်နေရာ – မဟာချိုင် (၁)၊ မဟာချိုင်(၂)၊ စမုဖရာကန်၊ မဲဆောက်၊ မယ်ဆိုင်နဲ့ ရနောင်း စခန်းတွေပါ၊ စခန်းတစ်ခုမှာ အလုပ်သမားဝန်ကြီး ဌာနက နှစ်ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာနက နှစ်ဦး သတင်းတပ်ဖွဲ့က နှစ်ဦးနဲ့ ဖွဲ့ထားပြီး မြန်မာ အလုပ်သမားတွေကို စိစစ်ပါတယ်၊ ကျွန်တော်တို့နိုင်ငံသားတွေ မှန်တယ်ဆိုရင် CI ကတ်တွေ ထုတ်ပေးပါတယ်၊ တချို့ စခန်းနဲ့ဝေးပြီး လာဖို့ခက်နေသူတွေဆီကိုလည်း Mobile team အနေနဲ့ သူတို့ ရှိတဲ့ နေရာအထိ သူတို့အားချိန်တွေမှာ သွားပြီးတော့ စိစစ်ထုတ်ပေးဖို့ စီစဉ်ထားပါတယ်၊ တချို့ထိုင်းမှာရောက်နေတဲ့ သက်တမ်းကုန်နေတဲ့ ယာယီနိုင်ငံကူး လက်မှတ်ကိုင်ထားသူတွေက စိုးရိမ်နေတာ ရှိပါတယ်၊ စိုးရိမ်စရာ မရှိပါဘူး၊ သူတို့လက်မှတ်တွေကို CI နဲ့ပြောင်းပြီး တရားဝင် အသိအမှတ်ပြုအောင် လုံလုံခြုံခြုံနေနိုင်အောင် လုပ်ပေးဖို့ အမြန်ဆုံး စီစဉ်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ နှစ်နိုင်ငံ တာဝန်ရှိသူများက အဆိုပါကိစ္စကို မူအားဖြင့် သဘောတူပြီးဖြစ်ကြောင်း၊ ထို့အပြင် အထောက်အထားမဲ့မြန်မာလုပ်သားများအား CI ကတ်များ ထုတ်ပေးနိုင်ရန် စီစဉ်နေ ကြောင်း၊ သို့ရာတွင် နှစ်ဘက် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ ဇွန်လ ၂၁ ရက်နေ့တွင် အသက်ဝင်ခဲ့သည့် အလုပ်သမားဥပဒေ အသစ်အရ ဇွန်လ ၂၂ ရက်နေ့မှ စပြီး အထောက်အထား မပြည့်စုံသည့်တရား မဝင်သော မြန်မာ အလုပ်သမားများကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးမှုအား ပြန်လည် သုံးသပ် ဖြေလျှော့ပေးရန် ငြင်ငြင်သာသာ ဆောင်ရွက်ရန်နှင့် အထောက်အထား မပြည့်စုံသော အလုပ်သမားများအား လိုအပ်ချက်များ ပြင်ဆင် ဆောင်ရွက်နိုင်ရန် အချိန်ပေးဖို့ တောင်းဆိုခြင်းများ ကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခဲ့ ကြောင်း၊ မြန်မာအလုပ်သမားများ အထောက်အထား ပြည့်စုံရေး ဆောင်ရွက်ရန် ထိုင်းနိုင်ငံအစိုးရက ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ပေးမည်ဟု ဖြေလျှော့ခဲ့ပြီး နောက်တွင် ဆက်လက် ညှိနှိုင်းမှုအရ ၂၀၁၇ ဒီဇင်ဘာလ ကုန်အထိ (ခြောက်လ) အချိန်ပေးမည်ဟု သဘောတူချက် ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ အတွင်းသို့ပြန်လည်ရောက်ရှီလာသည့် အလုပ်သမားဦးရေမှာ ယနေ့ နံနက် ၁၀ း ၀၀ နာရီအထိ ၃၄,၀၆၉ ဦး ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။

ထို့အပြင် ၎င်းက “မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာလုပ်သားက တရားဝင်ရောှု တရားမဝင်ပါ အားလုံး ငါးသိန်းခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်၊ မလေးရှားနိုင်ငံရဲ့ အခြေအနေနဲ့ မြန်မာလုပ်သားတွေရဲ့ အခြေအနေတွေကို စိုးရိမ်တာကြောင့် ၂၀၁၆ ဒီဇင်ဘာ ၆ ရက်နေ့က စပြီး မလေးရှားနိုင်ငံ ကို အလုပ်သမား စေလွှတ်မှုကို ခေတ္တရပ်ဆိုင်းထားပါတယ်၊ ကုန်ခဲ့တဲ့ သီတင်းပတ်မှာတော့ အခြေ အနေ တွေ ပြန်တည်ငြိမ်သွားတဲ့အတွက် ပြန်လည်စေလွှတ်ခဲ့ပါတယ်။ ဒီကြားထဲမှာ မလေးရှားနိုင်ငံက မြန်မာလုပ်သားတွေကို e-card တွေ ထုတ်ပေးခဲ့ပါတယ်၊ ၂၀၁၇ ဖေဖော်ဝါရီ ၁၅ ရက်နေ ဇွန်လ ၃၀ ရက်နေ့အထိ သတ်မှတ်ပြီး ထုတ်ပေးခဲ့ရာမှာ ၄,၈၂၀ ဦး e-card ရရှိခဲ့ပါတယ်။ ဇူလိုင် ၁ရက်စပြီး တရားမဝင် လုပ်သားတွေကို ဖမ်းတဲ့ အခါ ၂ရက်နေ့အထိ ၁,၀၃၅ ဦး ဖမ်းမိကြောင်း မြန်မာ အလုပ် သမား ၁၀၂ ဦး ပါဝင်ကြောင်း သိရပါတယ်။ ဒီကိစ္စကိုလည်း နှစ်ဘက် ညှီနှိုင်းပြီး အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နေပါတယ်” ဟု ပြောခဲ့သည်။

မလေးရှားနိုင်ငံတွင် ၂၀၁၆ ဒီဇင်ဘာလမှ စပြီး မြန်မာလုပ်သားများနှင့် အမှုပေါင်း ၅၆ မှု ရှိခဲ့ရာ ၅၅ မှုတို့ကို တရားဝင် ရှင်းလင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျန်တစ်မှုမှာ လုပ်ငန်းခွင် အတွင်း ထိခိုက်မှုဆိုင်ရာ လျော်ကြေး ရရှိရေး ဖြစ်၍ စောင့်ဆိုင်းနေရခြင်း ဖြစ်ကြောင်း၊ သတ်ဖြတ်ခံရသည့် ကိစ္စကိုလည်း မလေးရှားနိုင်ငံ၏ ဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြခဲ့သည်။ (Xinhua)