Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံအတွက် frame work ကို သြဂုတ်လဆန်းသို့ရွှေ့ဆိုင်း သတ်မှတ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ညှိနှိုင်းအစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် (frame work) များကို မူလ လျာထားသည့် ဇူလိုင်လအတွင်း မသတ်မှတ်နိုင်ဘဲ သြဂုတ်လဆန်းရက်များရောက်မှ သတ်မှတ်နိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

“နိုင်ငံရေး မူဘောင် သတ်မှတ်တာကို ၂၁ ရာစု ညီလာခံ မတိုင်မီ သြဂုတ်လဆန်းပိုင်းမှာ ဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် (frame work) တရားဝင် သတ်မှတ်မှုကို သြဂုတ်လဆန်းမှာ စနိုင်ပါမယ်။ အရင်က စီစဉ်ထားသလို ဇူလိုင်လထဲမှာ မလုပ်ဘဲ အချိန်ရွှေ့လိုက်ရတာက လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်လာနိုင်ဖို့ပါ” ဟု နေပြည်တော်၊ Horizon Lake View Resort ဟိုတယ်တွင် ယမန်နေ့မှ စပြီး ဇူလိုင်လ ၅ ရက်အထိ သုံးရက်တာ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ဒုတိယနေ့နေ့လယ်ပိုင်း ခေတ္တ နားချိန်တွင် ၎င်းက မီဒီယာသို့ဖြေကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသည် ဆပ်ကော်မတီ (၁) ၏ အစည်းအဝေး ဖြစ်သော်လည်း ဆပ်ကော်မတီ (၂) ၏ လုပ်ငန်းစဉ်များကိုပါ ထည့်သွင်း ဆွေးနွေးကြသည့် အရေးကြီးသော အစည်းအဝေး ဖြစ်သည်ဟု အစည်းအဝေးတွင် ဆပ်ကော်မတီ (၁) ၏ အဖွဲ့ဝင် အဖြစ် တက်ရောက်ခဲ့သည့် ဒီမိုကရေစီနှင့် တိုးတက်ရေးပါတီ (ကချင်ပြည်နယ်) ခေါင်းဆောင် ဦးခက်ထိန်နန်က ပြောသည်။

NCA (National Ceasefire Agreement) တွင် ပြဌာန်းခဲ့သည် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်များ ပြန်လည် သုံးသပ်ခြင်း အပါအဝင် ၂၁ ရာစု ပင်လုံ ဖြစ်မြောက်ရေးအတွက် ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများအား ဆွေးနွေးသည့် ယနေ့အစည်းအဝေးသို့ပြည်ထောင်စု အစိုးရအဖွဲ့ဘက်မှ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးခင်ဇော်ဦး၊ ဦးနိုင်ငံလင်း၊ ဦးခွန်မောင်သောင်း၊ ဒေါ်ရှီလာနန်တောင်၊ ဒေါ်ဒွဲဘူ၊ ဦးခက်ထိန်နန်၊ ဒေါက်တာ မင်းဇော်ဦးနှင့် ဦးလှမောင်ရွှေတို့တက်ရောက်ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ NCAတွင် လက်မှတ်ထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့ ခေါင်းဆောင်များ ဖြစ်သည့် KNU မှ ဖဒို စောကွယ်ထူးဝင်း၊ CNF မှ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ABSDF မှ ရဲဘော်မျိုးဝင်း၊ RCSS မှ ဗိုလ်မှူးကြီး စောလ၊ PLNO မှ ခွန်မြင့်ထွန်း၊ ALP မှ စောမြရာဇာလင်း၊ KNU/ KNLA – PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ DKBA မှ ဗိုလ်မှူးကြီး စောစိန်ဝင်း တို့ တက်ရောက်ကြသည်။

သုံးရက်တာ ကျင်းပမည့် ထိုအစည်းအဝေး နောက်ဆုံးနေ့ဖြစ်သည့် ဇူလိုင်လ ၅ ရက် တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.