Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများသို့ ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ထောက်ပံ့မည်ဟု ဆို

လျှပ်စစ်တာဝါတိုင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေအမေရိကန် ဒေါ်လာသန်း ၄၀၀ ကျော် ထောက်ပံ့မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အဆိုပါ ထောက်ပံ့မှုသည် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စက်စွမ်းရည်တိုးမြှင့်နိုင်ရန်နှင့် လျှပ်စစ်ဓာတ်အားပေးစနစ်ကို ရာသီဥတုပြောင်းလဲမှု ဒဏ်၊ သဘာဝဘေးအန္တရာယ်များ ခံနိုင်စွမ်းမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်သွားမည့်စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေအသင်း(IDA)မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၅၀ နှင့် ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မြှင့်တင်ရေးစီမံကိန်းအတွက် ထပ်ဆောင်းရန်ပုံငွေအဖြစ် အသုံးပြုရန် ချေးငွေအမေရိကန်ဒေါ်လာသန်း ၁၁၀ တို့ကို ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းသည် လျှပ်စစ်ဓာတ်အားကို သက်သာသည့်နှုန်းထားဖြင့် ထုတ်လုပ်ကာ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိစေသည့် နည်းလမ်းများ ဖြင့် ဖြည့်ဆည်းပေးမည် ဖြစ်သဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိနိုင်ရေး ရည်မှန်းချက်ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချေးငွေများအပြင် မြန်မာနိုင်ငံ၏ COVID-19  ရောဂါအတွက် အရေးပေါ်တုံ့ပြန်မှုအစီအစဉ်တွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် ဆေးရုံ များ၏ ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်နိုင်မှုလုပ်ငန်းများကို အလျင်အမြန် အားဖြည့်သွားရန်၊ ရောဂါပြန့်ပွားမှုကို လျှော့ချပေးနိုင်ရန်၊ ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ်များ ပိုမိုပေးနိုင်ရန်၊ ရောဂါကူးစက်ခံ ရသူများ ရောဂါဒဏ် ပြင်းထန်စွာခံစားရခြင်းမှ သက်သာစေရန်နှင့် သေဆုံးမှုနှုန်း လျှော့ချနိုင်ရန်တို့အတွက် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀ ပံ့ပိုးပေးခဲ့သည့် အပြင် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအသင်း ရန်ပုံငွေမှ အရင်းအမြစ်များကို ရယူခံစားခွင့်ရှိသည့် နိုင်ငံများတွင် ကပ်ရောဂါကျရောက် လာပါက ဘဏ္ဍာရေးပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန် တည်ထောင်ထားသည့် Pandemic Emergency Financing Facility–PEF မှ မြန်မာနိုင်ငံအတွက် ခွဲတမ်းအဖြစ် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ရှစ်သန်းကို ရရှိမည်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)