Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများ အကောင်အထည်ဖော်မှုဆိုင်ရာ National Reportအား စနစ်တကျရှိစေရန် ဒုသမ္မတ တိုက်တွန်း

(Universal Periodic Review-UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများ အကောင်အထည်ဖော်မှုဆိုင်ရာ National Reportအား စနစ်တကျရှိစေရန် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ၏ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက တတိယအကျော့အဖြစ် သုံးသပ်မည်ဖြစ်ရာ ဒုတိယအကျော့၏ အကြံပြုတိုက်တွန်းချက် များအား အကောင်အထည်ဖော်မှုဆိုင်ရာ National Report ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ကြောင်း၊ National Report မူကြမ်းအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန် တွင် အမျိုးသားအဆင့်ကော်မတီသို့ တင်ပြနိုင်ရေး လျာထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးပြည့်စုံသည့် National Report ရရှိစေရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြစေလိုကြောင်း ၎င်းက ဆိုသည်။

UPR လုပ်ငန်းစဉ်သည် မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာကသိစေရန် စနစ်တကျဖော်ထုတ်ပြသခွင့်ရမည့်အခွင့်အရေးဖြစ်သည့်အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းကဏ္ဍ အလိုက် ဆောင်ရွက်ထားရှိမှုများကို ပီပီပြင်ပြင်နှင့် ကျစ်လျစ်စွာဖော်ပြနိုင်ရန် အလေးထားဆောင်ရွက် ပေးစေလိုကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေးအခြေအနေ များ တိုးတက်မှုရှိစေရေးအတွက် ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိသည်ကို ဖော်ပြနိုင်ရေးအတွက် National Report တွင် ပါဝင်သင့်ပါဝင်ထိုက်သည့်ကိစ္စရပ်များ ပါဝင်စေရေး နှင့် ကျန်ရှိမှုမရှိစေရေးကို အထူးဂရုပြုဆောင်ရွက်ပေးကြရန် တိုက်တွန်း ဒုတိယ သမ္မတက ပြောသည်။

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဒေါက်တာဒေါ်မြလေးစိန်နှင့် ဦးဆက်အောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Universal Periodic Review (UPR) ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် (၆၅/၂၅၁) အရ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UPR ပထမအကျော့ (First Cycle) ကို ၂၀၁၁ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကျော့ (Second Cycle) ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း အစီရင်ခံစာ များကို သက်ဆိုင်ရာအကျော့အလိုက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် သုံးသပ်မှုခံယူခဲ့ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.