Connect with us

Politics, Law & Military

NCA ထီးအောက်သို့လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရောက်ရှိ လာအောင် တွေ့ဆုံဆွေးနွေးရေး တံခါး ဖွင့်ပြီး ကြိုးပမ်း ဆောင်ရွက်သွားမည်


နေပြည်တော် ၊ မေ ၂၄ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ NCA ထီးအောက် ရောက်ရှိလာအောင် တွေ့ဆုံ ဆွေးနွေးရေး တံခါးကို ဖွင့်ပြီး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့မေ ၂၄ ရက်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု တစ်ဝှမ်းရှိ ပြည်သူများအား အသိပေး ပြောကြားလိုသည့် အဓိက ရည်မှန်းချက် ၃ ရပ်အား ရှင်းလင်း ပြောကြားခဲ့သည်။

ထိုအချက်များတွင် ပထမဆုံး အချက် အနေဖြင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးသည် ၎င်းတို့၏ ပန်းတိုင် ဖြစ်ကြောင်း ၊ ဒုတိယ အချက် အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို လက်မှတ် ရေးထိုးရေး ၊ တတိယ အချက် အနေဖြင့် လက်ခံ ကျင့်သုံးနေသည့် ညှိနှိုင်း ဆောင်ရွက်ရေး မူများအား ရှင်းလင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ယှဉ်ကြည့်ပါက မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)သည် အပစ်ရပ် လုပ်ငန်းစဉ် ခိုင်မာရေး ၊ နိုင်ငံရေး ဆွေးနွေး အာမခံချက် ရှိရေး နှင့် လက်ခံနိုင်စရာ ကောင်းသည့် အဆင့် တစ်ဆင့်ဟု ဆိုနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ ့ဦးတည်ချက်က အပစ်ရပ် အဆင့်မှာတင် ရပ်ဆိုင်းနေဖို့မဟုတ်ပါဘူး။နိုင်ငံရေး ဆွေးနွေးပွဲမှ တဆင့် ထာဝရ ငြိမ်းချမ်းရေး ရယူရေး ဖြစ်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ် အဖြစ် သတ်မှတ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် ဖက်ဒရယ် စနစ်၏ အခြေခံ အုတ်မြစ်ဖြစ်သည့် မူများ ထွက်ပေါ်လာအောင် ဦးတည် ကြိုးပမ်းသွားရန် မျှော်မှန်းထားကြောင်း သိရသည်။

“ငြိမ်းချမ်းရေး ညီလာခံကြီးဟာ အခုဆိုရင် နိုင်ငံအတွက် ၊ ပြည်သူ အတွက် အရေးကြီးလှတဲ့ ဖက်ဒရယ် ဆိုင်ရာ အခြေခံမူတွေကို ဆွေးနွေး နိုင်တဲ့ အဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အနှစ်နှစ် အလလ မျှော်လင့်ခဲ့ကြတဲ့ သမိုင်းတွင်မယ့် အခါသမယ ၊ နိုင်ငံရေး ဆွေးနွေးမှု သမိုင်းသစ်ကို အားလုံး အတူတကွ စတင် ဖွင့်လှစ်ကြတော့မှာ ဖြစ်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထို့ပြင် ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်များနည်းတူ အစိုးရသစ်၏ ပထမ တစ်နှစ်ကြာ သက်တမ်း အတွင်း အနိမ့် ၊ အမြင့် ၊ အတက် ၊ အကျများစွာ နှင့် တွေ့ကြုံ ဖြတ်သန်းခဲ့ရကြောင်း ၊ ယနေ့ညီလာခံတွင် အားလုံး ကြိုးစား ၊ အားထုတ်မှုများ အရာ ထင်လာခဲ့ပြီဟု ဆိုရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေး အတွက် အခြေခံ အုတ်မြစ် ဖြစ်သည့် အခြေခံမူများကို ဆွေးနွေး ညှိနှိုင်းပြီး အတည်ပြုပေးရတော့မည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးအား ယနေ့မေ ၂၄ ရက်မှ စတင်၍ ၅ ရက်ကြာ နေပြည်တော်ရှိ MICC -2 ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၊ နိုင်ငံရေး ပါတီ စသည်တို့မှ ကိုယ်စားလှယ် အသီးသီးများ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.