Connect with us

Politics, Law & Military

အမျိုးသား ညီညွတ်ရေး၏ အစ နိဒါန်း ဖြစ်သည့် NCA ကို မျက်မှောက် ပြုကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အလေးအနက် တိုက်တွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် မိန့် ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

အမျိုးသားညီညွတ်ရေး၏ အစ နိဒါန်းဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို မျက်မှောက်ပြုကြရန် လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုကြောင်း အမျိုးသား ပြန်လည် သင့်မြတ် ရေး နှင့် ငြိမ်းချမ်းရေးဗဟို ဌာန ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက် တစ် အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ကျင်းပခဲ့ရာတွင် ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်မှတ်ရေးထိုးတဲ့ အဖွဲ့အရေအတွက် မများလှဘူး ဆိုပေမယ့် ဒီကနေ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ထမြောက် အောင်မြင်အောင် လျှောက်လှမ်းလာခဲ့တဲ့ ခရီးက မလွယ်ကူလှပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး အတွက် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးရဲ့ အုတ်မြစ်ကို အတူတကွ လက်တွဲပြီး စိုက်ထူကြဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။ ဒီလို ခြေတစ်လှမ်းကို ရဲရဲကြီး တက်လှမ်းလိုက်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုပါကြောင်း ကျွန်မအနေနဲ့ အလေးအနက်ထားပြီး ပြောလိုပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထိုအခမ်းအနားတွင် NCA သည် ငြိမ်းချမ်းရေး ဖြစ်စဉ်၏ လမ်းဆုံး မဟုတ်ကြောင်း ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အစ ၊ နိုင်ငံရေး ဆွေးနွေးပွဲများ၏ အစ ၊ လက်နက်ကိုင်ပဋိပက္ခ လျှော့ချခြင်းများ၏ အစ၊ တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် နိုင်ငံရေး ပြဿနာ များကို ညှိနှိုင်း တိုင်ပင် အဖြေရှာမည့် နိုင်ငံရေးဖြစ်စဉ်၏ အစ ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

NCA သည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက် ကြမည့် နိုင်ငံရေးဆွေးနွေးပွဲများ စတင် ဖြစ်ပေါ် လာမည့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရန် နှင့် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို စတင်ရန် သဘောတူညီချက်များ ပါရှိကြောင်း ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖြစ်ထွန်း ပေါ်ပေါက်လာအောင် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ပြီးတော့ NCA ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီလို ကြိုးပမ်းခဲ့တဲ့အတွက်လည်း နိုင်ငံနဲ့ ပြည်သူတွေ ကိုယ်စား ကျေးဇူးတင်ကြောင်း ဒီနေရာ ကနေ ကျွန်မအနေနဲ့ ထပ်လောင်း ပြောကြားလိုပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထို့အတူ မျိုးဆက်သစ်များ ကြီးပြင်းလာချိန်တွင် လက်နက်ကိုင်ပဋိပက္ခများ နှင့် ထူးမခြားနား နိုင်ငံတော်မျိုး ထားရစ်ခဲ့မည်လား ၊ စည်းလုံး ညီညွတ် ခိုင်မာ တောင့်တင်းပြီး အများသူငါက လေးစားရသော နိုင်ငံတော်ကို ထားရစ်ခဲ့မည်လား ဆိုသည်ကို အလေးအနက်ထား စဉ်းစားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်း ပြောကြားခဲ့သည်။

နိုင်ငံထူထောင်ခဲ့သည့် လွတ်လပ်ရေး ဖခင်ကြီးများ မျှော်မှန်းခဲ့ကြသော တရားမျှတခြင်း ၊ လွတ်လပ်ခြင်းများ နှင့် အခွင့်အရေး သာတူညီမျှရှိသည့် ဝါဒရေးရာ ဖြူစင်သော ပြည်ထောင်စုကြီး တည်ထောင်နိုင်ရန် အားလုံးသဘောတူ လက်ခံနိုင်သည့် ဖက်ဒရယ်စနစ်ကို အားလုံး လက်တွဲပူးပေါင်း ကြိုးပမ်းကြဖို့ အချိန်တန်နေပြီ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဖက်ဒရယ်ပန်းတိုင်အား အပျောက်မခံဘဲ ခြေလှမ်းမှန်မှန်ဖြင့် ရှေ့ကို ဆက်ပြီး လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း အလေးအနက် ထည့်သွင်း ပြောကြားခဲ့သည်။

“အားလုံး ဝိုင်းဝန်း ဆွေးနွေးညှိနှိုင်းပြီး အနာဂတ်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ဒီဇိုင်းကို ရေးဆွဲကြမှာပါ။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ နိုင်ငံသားတွေ ညီညွတ်ဖို့လိုတယ်။ ညီညွတ်တဲ့ ပြည်ထောင်စုတွေကသာ ဖက်ဒရယ်ကို ခိုင်ခိုင်မာမာ ရေရှည်ကျင့်သုံး ထိန်းသိမ်းနိုင်တာ ဖြစ်ပါတယ်။ ညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့အတွက် နားလည်မှုနဲ့ ယုံကြည်မှုတွေကို ဦးစွာ တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျန်ရှိနေသေးတဲ့ အဖွဲ့အစည်းတွေကို ကျွန်မတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွေကို လာရောက်ကြဖို့ ညှိနှိုင်းနေ၊ ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ရှေ့လုပ်ငန်းစဉ်များ အနေဖြင့် NCA လက်မှတ်ရေးထိုးပြီးသား အဖွဲ့များ နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်များ ခိုင်မာအောင် ဆက်ကြိုးပမ်းသွားမည် ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လုပ်မည် ဖြစ်ကြောင်း ယခု အဖွဲ့များ NCA ထီးရိပ်အောက် ရောက်ရှိလာပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာအောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံ၌ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် အမျိုးသားညီညွတ်ရေးကို ဆောင်ကြဉ်းနိုင်ရန် အလေးအနက်ထား ပြောကြားလိုကြောင်း ၊ အားလုံး အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်မည် ဆိုပါက အားလုံး အတူလက်တွဲပြီး ဘာမဆို အောင်မြင်အောင် ကြိုးပမ်းနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.