Connect with us

Politics, Law & Military

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကို NCA စာချုပ်ပါ ပြဋ္ဌာန်းချက် အတိုင်း ကျင်းပမည်

ရန်ကုန်မြို့ရှိ NRPCတွင် စတုတ္ထ အကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-ဦးလှမောင်ရွှေ)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကို NCA စာချုပ်ပါ ပြဋ္ဌာန်းချက် အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၌ ကျင်းပသော စတုတ္ထအကြိမ် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ရေး ဆွေးနွေးပွဲထံမှသိရသည်။

အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ကျင်းပမည်ဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်၏ ဖွဲ့စည်းမှု Structure ပိုင်းဖြစ်သော နိုင်ငံရေး ဆွေးနွေးပုံ အဆင့် ဆင့်တွင် အဆင့် အမြင့်ဆုံး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPDJC) လုပ်ငန်းကော်မတီ အဖွဲ့၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ကြီးကြပ်မှု ကော်မတီများအား ဖွဲ့စည်းကာ မည်သူများ ပါဝင်ကာ မည်သည့် ပါဝါဖြင့် လုပ်ပိုင်ခွင့် ရှိသည် ဆိုသည့် အဆင့်ဆင့် အပိုင်းများအား ဆွေးနွေးသည်။

ယင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား NCA ကို အခြေခံကာ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာ အလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သယံဇာတ ကဏ္ဍကြီး ငါးခုတွင် ခေါင်းစဉ်ခွဲ ၁ဝ ခုအား ဆွေးနွေးရန် ပြဋ္ဌာန်းထားသည်။

လုံခြုံရေးကဏ္ဍ အောက်တွင် ကာကွယ်ရေးဆိုင်ရာ ကိစ္စများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စများအား အောက်ခြေ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ဆွေးနွေးလျှင် ရှုပ်ထွေးမှုများ ရှိနိုင်သောကြောင့် ပြည်ထောင်စု အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွင်သာ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ပြီး ကိုးကွယ်ယုံကြည်မှုအပိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံ အနှံ့အပြားတွင် များပြားသည့် လူမျိုးကွဲများအကြား ကိုးကွယ်မှုများ များပြားနေသောကြောင့် ယင်းနှင့် ပတ်သက်၍ မူဘောင် တစ်ခုချမှတ်ကာ ဆွေးနွေးသွားရန် လျာထားသောကြောင့် လက်ရှိ အောက်ခြေအဆင့်၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ကျန်ခေါင်းစဉ်ကြီး ခုနစ်ခုသာ ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

စတုတ္ထအကြိမ် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ရေး ဆွေးနွေးပွဲသို့ အစိုးရ လွှတ်တော် တပ်မတော်မှ ကိုယ်စားလှယ် ၁၄ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့မှ NCA လက်မှတ် မထိုးရ သေးသော UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) အပါအဝင် ကိုယ်စားလှယ် ၁၇ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၄ ဦးနှင့် နည်းပညာ အထောက်အ ကူပြုအဖွဲ့များ တက်ရောက် ဆွေးနွေးကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.